Trending Now

ရေရှားပါးမှုအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံများ အပါအဝင် လုပ်ငန်းပေါင်း (၈၈၀)ကို နိုင်ငံတော်က ဆောင်ရွက်ပေးထားဟု နစက ဥက္ကဋ္ဌပြော

Spread the love

ရေရှားပါးမှုအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံများ အပါအဝင် လုပ်ငန်းပေါင်း (၈၈၀)ကို နိုင်ငံတော်က ဆောင်ရွက်ပေးထားဟု နစက ဥက္ကဋ္ဌပြော

EPN
နေပြည်တော်၊ မတ် ၂ (၂၀၂၄)

နိုင်ငံတစ်ဝှမ်း၌ တောင်သူလယ်သမားများ၏ ရေရှားပါးမှု အခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံများ အပါအဝင် လုပ်ငန်းပေါင်း (၈၈၀) ခုကို နိုင်ငံတော်က ဆောင်ရွက်ပေးထားဟု နစက ဥက္ကဋ္ဌမှ ယနေ့ မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ရေးသားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရေရှားပါးမှု အခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံပေါင်း (၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄)ခု၊ ရေကန် (၇၂)ခု၊ ရေတံခါး (၁၉၉)ခု၊ ရေတင်လုပ်ငန်း (၂၁၉)ခု စုစုပေါင်း (၈၈၀)ခုကို နိုင်ငံတော်က ဆောင်ရွက်ပေးထားပြီးဖြစ်ရာ စိုက်ဧကပေါင်း (၃၁)သိန်းကျော်အား အကျိုးပြုလျက်ရှိသည်ဟု ပြောသည်။

၎င်းအပြင် မြေအောက်ရေအရင်းအမြစ်များမှ စက်ရေတွင်း (၂၅၅၁၃)ခုတူးဖော်ခြင်း၊ ယာယီချောင်းပိတ်တမံများ ပြုလုပ်ပြီး ဆိုလာရေတင်စနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ခြင်း၊ ပင်လယ်နှင့် ထိစပ်လျက်ရှိသော ဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများနှင့် မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် ရေကြီးနစ်မြုပ်မှု၊ ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန် ရေငန်တားတာများ တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

အလားတူ ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခြင်းဖြင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ၍ ရေကို ထိရောက်စွာအသုံးပြုရန်နှင့် အလေအလွင့်မရှိစေရန် သတိပြုကြရမည်ဟု မှာကြားခဲ့သည်။

ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန် ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ်မူတည်၍ ဒေသနှင့်ကိုက်ညီသည့် သီးနှံနှင့် သီးနှံပုံစံများကို ပြောင်းလဲစိုက်ပျိုးကြရမည်ဟုလည်း မှာကြားခဲ့သည်။

” ဒါ့ကြောင့် ရေကိုချွေတာသုံးစွဲနိုင်တဲ့ ခေတ်မီရေသွင်း ကိရိယာတွေ အသုံးပြုစိုက်ပျိုးတာ၊ ရေလိုအပ်မှုနည်းတဲ့ သီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်အောင် ပညာပေးလုပ်ငန်းတွေ သရုပ်ပြပွဲတွေကို အစိုးရက ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

၎င်းအပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့အထိ စပါးဧက (၁၇)သန်း၊ ပဲမျိုးစုံဧက (၁၀ ဒဿမ ၅၇) သန်း၊ ဆီထွက်သီးနှံဧက (၈ ဒဿမ ၂၄)သန်း၊ အစေ့ထုတ်ပြောင်းဧက (၁ ဒဿမ ၆)သန်းနှင့် ဝါသီးနှံဧက (၀ ဒဿမ ၅၂)သန်း စိုက်ပျိုးပြီးစီးခဲ့သည်ဟု ပြောသည်။

တောင်သူလယ်သမားများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘဝတိုးတက်လာမည်ဖြစ်ပြီး၊ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက အခြား ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့နိုင်ခြင်းကြောင့် ဝင်ငွေများတိုးတက်ရရှိလာကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။