Trending Now

ပြည်သူတွေကို ဖြည်းဖြည်းခြင်း အဆိပ်ခတ်သတ်နေသော လူမှူကွန်ရက်စာမျက်နှာ Facebook

Spread the love

ပြည်သူတွေကို ဖြည်းဖြည်းခြင်း အဆိပ်ခတ်သတ်နေသော လူမှူကွန်ရက်စာမျက်နှာ Facebook

EPN ဆောင်းပါး
ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်။
ဝဏ္ဏရေးသားသည်။

မြန်မာနိုင်ငံအတွင်းမှာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုသူ လွန်စွာများပြားလာသလို Facebook ကို အသုံးချပြီး ပြည်သူတွေကို အသုံးချ လှည့်စားမှုတွေကလည်း ပိုပိုများပြားလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ ကဏ္ဍအစုံမှာ Facebook ကို အသုံးပြုပြီး လှည့်စားမှုမျိုးစုံ ပြုလုပ်လာတာကို တွေ့ရတဲ့အပြင် Facebook ရဲ့ မမျှတမှုတွေကိုလည်း နေ့စဥ်နဲ့အမျှ တွေ့မြင်လာရပါတယ်။

Facebook ဟာ မြန်မာနိုင်ငံမှာပဲ မမျှတမှုတွေ လုပ်နေတယ်လို့ ဘာကြောင့်ရှုမြင်ခံနေရတာလဲဆိုရင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေနဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေပုံတွေ ကွာဟနေလို့လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဝေဖန်လို့ မရဘူး။ ထောက်ပြလို့မရဘူးဆိုတဲ့ ဖြစ်စဉ်တွေအပြင် လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာကို စော်ကားနေတာတွေ၊ ပုံဖျက်တိုက်ခိုက်နေတာတွေကိုလည်း ဘယ်လိုပဲ Report လုပ်လုပ် Facebook ဟာ လျစ်လျူရှုထားခဲ့တာတွေကိုလည်း တွေ့မြင်နေရပါတယ်။ မိုက်ရိုင်းစွာဆဲဆိုတာတွေ၊ အောက်တန်းတကျ တိုက်ခိုက်တဲ့အကောင့်တွေကို ပိတ်သိမ်းတာ၊ ဖျက်သိမ်းတာဟာ လက်ခံလို့ရပေမယ့် များသောအားဖြင့်တော့  ရုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေတဲ့ အကောင့်တုတွေကိုတော့ Facebook က အကာအကွယ် ပေးထားသလိုမျိုး ဖြစ်နေပြီး လူသိများတဲ့ အကောင့်တွေ ဆဲဆိုမှုမပါဘဲ အကြမ်းဖက်တွေကို ဝေဖန်နေတဲ့ အကောင့်တွေ ပိတ်ချခံနေရတာဟာ Facebook မှာ တာဝန်ရှိသလို Facebook ဟာ မြန်မာနိုင်ငံမှာ အခွန်မထမ်းဆောင်ဘဲ ရပ်တည်ခွင့်ရနေတာ ဒါနဲ့ ဆက်စပ်နေသလား ဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး Facebook မှာ ဝေဖန်ထောက်ပြမှ အလုပ်လုပ်ကြတဲ့ အစိုးရဆိုပြီး ဝေဖန်သုံးသပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ခေတ်မှာ အစိုးရကို ဝေဖန်ထောက်ပြလို့ ပြည်သူတွေ သုံးစွဲတဲ့ Facebook အကောင့်တွေ ပိတ်သိမ်းပစ်တာမျိုးကို တပ်မတော်အစိုးရ ဆီကနေပြီး အာဏာလွှဲပြောင်း ရယူထားလို့ စစ်တစ်ပိုင်း အစိုးရလို့ သမုတ်ခံခဲ့ရတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတောင် လုပ်ဆောင်ခဲ့မှု မရှိပေမယ့် အရပ်သားအစိုးရ၊ ရွေးကောက်ခံ အစိုးရလို့ သိကြတဲ့ NLD အစိုးရလက်ထက်မှာတော့ သိသာထင်ရှားစွာ ပြုလုပ်လာတာကို တွေ့ရပါတယ်။

နိုင်ငံရေးအရ အသုံးချတာတွေကို ကြည့်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို ပြည်သူတွေ မြင်သာအောင် သတင်းအမှန်တင်တာထက် ကိုယ့်အခွင့်အရေး ဆုံးရှုံးမှာ၊ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေ လျော့ပါးသွားမှာကို ကြောက်ရွံ့ပြီး မမှန်မကန် လုပ်ကြံရေးသား ဖော်ပြတာတွေကိုလည်း အများအပြား တွေ့မြင်လာရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ဘယ်တောင်ကုန်းမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ဘယ်နှစ်ယောက်သေတယ်။ PDF ကတော့ အကျအဆုံးမရှိ စတဲ့ သတင်းမျိုးတွေပါ။ နိုင်ငံတကာမှာရော တစ်ကမ္ဘာလုံးက သတ်မှတ်ထားတာက တိုက်ပွဲတစ်ခုဖြစ်ရင် သေဆုံးတာထက် ဒဏ်ရာရရှိသူက ပိုများတယ် ဆိုတာပါပဲ။ အခုက ဒဏ်ရာရသူတောင်မရှိဘဲ စစ်တပ်ကကြီး အကျအဆုံးရှိတယ်ဆိုတော့ လုပ်ကြံလော်ဘီက မြင်မကောင်းအောင် ဖြစ်နေတာပါ။ ဒါတွေကို Facebook က သိသိကြီးနဲ့ ခွင့်ပြုနေတာလား ဆိုတာတော့ စဥ်းစားရမယ့် အခြေအနေ တစ်ခုပါပဲ။

လူမျိုးရေးအရ ဖိနှိပ်မှုကို ဖော်ဆောင်နေတဲ့ တိုက်ပွဲသတင်းတွေကိုကျတော့ ခွင့်ပြုပြီး လူမျိုးရေး ဖိနှိပ်မှုကို ဆန့်ကျင်ရှုတ်ချတဲ့ သတင်းတွေကို Facebook ရဲ့ Community Standard ကို ဖောက်ဖျက်တယ်ဆိုပြီး ပို့စ်တင်ခွင့်ပတ်ပင်တာတွေ၊ Unpublish လုပ်တာတွေ၊ Page ဖျက်သိမ်းတာတွေ၊ တစ်လပိတ်ပင်တာတွေ စတဲ့ ဒီလိုလုပ်ရပ်တွေက Facebook သုံးစွဲတဲ့ ပြည်သူအချင်းချင်းကမု ရန်တိုက်ပေးနေတာ ဖြစ်သလို ပြည်သူတွေအပေါ်ကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာပဲ ဖြစ်ပါတယ်။ ဆဲဆိုပုပ်ခတ်နေတဲ့ Lobby အကောင့်ကို Facebook က တရားဝင်အသိအမှတ်ပြု Blue Mark ပေးပြီး NUG/ PDF တွေကို ဝေဖန်ထောက်ပြနေတဲ့ အကောင့်တွေနဲ့ သတင်းမီဒီယာသမားတွေရဲ့ အကောင့်တွေကို Facebook က ပိတ်သိမ်းနေတယ်ဆိုတဲ့ အခြေအနေတွေဟာ အမေရိကန်အစိုးရရဲ့ ထောက်ခံမှုနဲ့ Facebook က မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တော့မှာလား တွေးစရာ ဖြစ်လာသလို Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ ခြားနားပြီး မြန်မာပြည်မှာပဲ ဝေဖန်နေသူတွေရဲ့ အကောင့်တွေ ပိတ်သိမ်းနေတာ ဘာသဘော တူညီချက်တွေများ ရှိနေသလဲ။ ဒီလိုမဟုတ်ဘူးဆိုရင် NLD အစိုးရက သန်း ၆၄၀၀ ကျော် သုံးပြီး ဖွဲ့စည်းထားတဲ့ SMMT (Social Media Mornitoring Team) ကပဲ လုပ်ဆောင်ပေးနေသလား။ တစ်ဖက်မှာ NUG/ PDF ကို ဝေဖန်တဲ့ အကောင့်တွေကို ပိတ်သိမ်းဖျက်ချဖို့အတွက် SMMTနဲ့ Facebook တို့က ညှိနှိုင်းထားတာလား။ ဒါမှမဟုတ်ရင် အမုန်းစကားတွေမပါတဲ့၊ ဆဲဆိုရိုင်းစိုင်းမှုမပါဘဲ ဝေဖန်ကြတာတွေကို Facebook AI က မလုပ်နိုင်လို့ အစားခန့်ထားတဲ့ Facebook Myanmar Team ကပဲ ဝေဖန်တယ်ဆိုတာနဲ့ ပို့စ်တွေဖျက်ချ၊ အကောင့်တွေပိတ်ချ လုပ်နေတာလား။ Facebook Myanmar Teamနဲ့ Facebook Checker Team

ဟာ ဘယ်သူ့ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေလို့ အကြမ်းဖက်တွေကို ထောက်ခံပြီး ဝေဖန်သူတွေကို ဆဲဆိုနေတဲ့ အကောင့်တွေကို Blue Mark ပေး၊ ဝေဖန်သူတွေကိုကျတော့ ဆဲဆိုတာ မပါဘဲနဲ့ ပို့စ်ဖျက်ချ Account Disable လုပ်ပြီး ပိတ်သိမ်းနေတာဟာ ဘယ်သူ့ညွှန်ကြားချက်နဲ့ လုပ်နေသလဲဆိုတာ စုံစမ်းစစ်ဆေးရမယ့် အခြေအနေကို ရောက်လာနေပြီ ဖြစ်ပါတယ်။

သန်း ၆၄၀၀ ကျော် အကုန်ခံပြီးတော့ လူမှုကွန်ရက်ကိုစောင့်ကြည့်ဖို့ SMMT ကို ဖွဲ့ပေးထားတယ်။ မြန်မာနိုင်ငံမှာ စီးပွားရှာဖို့နဲ့ မမျှတမှုတွေ လုပ်ဆောင်နေတဲ့ Facebook ဆီက တစ်နှစ်ကို အများဆုံး ဒေါ်လာသန်း ၁၀၀ လောက် အခွန်ရနိုင်တဲ့ အခြေအနေကို လျစ်လျူရှုထားသလို ဖြစ်နေပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုကို မကြိုက်တဲ့ Post တစ်ခုခုကို Like ပေးမိရုံနဲ့ Facebook ရဲ့ Community Standard ကို ဖောက်ဖျက်တယ်ဆိုပြီး ပို့စ်တင်ခွင့်၊ Comment ပေးခွင့်၊ Massenger အသုံးပြုခွင့် တစ်လပိတ်လိုက်တာဟာ ဒီမိုကရေစီ စံနှုန်းတွေကို သွေဖည်နေတာ တွေ့ရပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေ အနေနဲ့ Facebook ကို ယုံကြည်စွာ သုံးစွဲသင့်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို တရားမျှတမှု မရှိတဲ့ အခြေအနေတွေကို လက်ခံသင့်၊ မခံသင့် စဥ်းစားစရာ ဖြစ်လာပါပြီ။ ပြည်သူတွေကို ဖြည်းဖြည်းခြင်း အဆိပ်ခတ်သတ်နေတဲ့ လူမှူကွန်ရက်စာမျက်နှာတစ်ခု ဖြစ်လာသလို ပြည်သူတွေ အနေနဲ့လည်း Facebook ကို အသုံးပြုမယ်ဆိုရင် ချင့်ချိန်ယုံကြည်ဖို့ လိုအပ်လာတဲ့ အခြေအနေတစ်ခု ဖြစ်နေတာကြောင့် Facebook အပေါ် ထုတ်စရာမေးခွန်းတွေ များပြားနေတယ် ဆိုတာကို ထုတ်ဖော်တင်ပြလိုခြင်းပဲ ဖြစ်ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။