Trending Now

ဧရာဝတီတိုင်းတွင် မိုးဖရဲသီးများ အထွက်နှုန်း နှစ်ဆကျော် ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်

Spread the love

ဧရာဝတီတိုင်းတွင် မိုးဖရဲသီးများ အထွက်နှုန်း နှစ်ဆကျော် ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်

EPN

ဧရာဝတီ၊ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးတွင် ရာသီဥတုပြောင်းလဲမှုနှင့် ဓာတ်မြေဩဇာများ မသုံးစွဲနိုင်ခဲ့သဖြင့် မိုးဖရဲသီးများ
အထွက်နှုန်း နှစ်ဆကျော်အထိ ကျဆင်းခဲ့ရာ ဖရဲစိုက် ဒေသခံ တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပြီးခဲ့သည့်မိုး အကုန်ကာလ စက်တင်ဘာလက မိုးရွာသွန်း
မှုများခဲ့သဖြင့် မိုးဖရဲသီးအပင်များသေဆုံးခဲ့ပြီး လက်ရှိတွင် ဖရဲသီးမခူးစွတ်ရသည့် အခြေအေန ဖြစ်နေသူများရှိသကဲ့သို့ ဖရဲအပင်များပြန်လည် သန်စွမ်းစေရန် ဓာတ်မြေဩဇာများ မသုံးစွဲနိုင်ခဲ့တာကြောင့် ဖရဲသီးခူးစွတ်သည့် လက်ရှိ အချိန် အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နေခြင်းဖြစ်သည်။

အဆိုပါ ဖရဲသီးစိုက်တောင်သူများသည်စိုက်ပျိုးစရိတ် အနေဖြင့် တစ်ဧကလျှင်ငွေကျပ် ခုနှစ်သိန်းကျော်အထိ ကုန်ကျမှုရှိပြီး ယခင်နှစ်က ဖရဲသီးစိုက်တစ်ဧကလျှင် ဖရဲသီး အလုံးရေ ၃၀၀၀ ကျော်အထိထွက်ရှိသော်လည်း ယခုနှစ်တွင်ဖရဲသီးအလုံးရေ ၁၀၀၀ အထိသာထွက်ရှိသည့် အတွက် အရှုံးပေါ်နေသည်ဟု ကျိုက်လတ်မြို့နယ်မှ မိုးဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

”ဒီနှစ် မိုးပြတ်ခါနီးမှာ မိုးရွာသွန်းမှု များပြားတာနဲ့ ဓာတ်မြေဩဇာ ဈေးတွေ အဆမတန် ထိုးတက်နေတာကြောင့် လုံလုံ လောက်လောက် မသုံးနိုင်လို့ အခုလို ဖရဲတွေ အထွက်နည်းတာပါ၊ တချို့တောင်သူတွေဆို ဖရဲတောင်မခူးလိုက်ရဘူး၊ အခုနှစ် ထူးထူးခြားခြား ကြွက်
တွေကလည်း ကိုက်ဖျက်ဆီးတာခံရသေးတယ်၊ ဒါက မိုးရွာတုန်းက ရေတင်သွားလို့ ကြွက်တွေ ရောက်လာတာ၊ အခုနောက်ပိုင်း ကျွန်တော်တို့ လယ်သမားတွေတော့ ဘာလုပ်လုပ် အဆင်မပြေကိုဖြစ်နေတယ်၊ ဖရဲသီးစိုက် တစ်ဧက လုံးသာ ခူးလို့ကုန်သွားတယ် တစ်သိန်းဖိုးတောင် မနည်း ရောင်းချယူရတယ် ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဖရဲသီးဈေးနှုန်းမှလည်း ယခင်နှစ် ဖရဲသီးပေါ်ချိန်က ဖရဲသီး တစ်လုံးလျှင် ငွေကျပ် ၂၅၀၀ မှ ၃၅၀၀ အထိ ဈေးရရှိခဲ့သော်လည်း ယခုနှစ် ဖရဲသီး ပေါ်ချိန်တွင် ဖရဲသီး အလုံးသန့် တစ်လုံးလျှင် ငွေကျပ် ၁၂၀၀ မှ ၁၅၀၀အထိသာ ဈေးရှိပြီးဖရဲသီးအလတ် တစ်လုံးလျှင် ငွေကျပ် ၄၀၀ ဈေးသာရှိတော့ကြောင်း မအူပင်မြို့နယ်မှ ဖရဲစိုက် တောင်သူတစ်ဦးက ပြောသည်။

” အခုနှစ်တော့ ဖရဲသီးအထွက်နှုန်းကျဆင်းနေတဲ့အပြင် ထွက်လာတဲ့ ဖရဲသီးတွေကလည်း အသီးအလုံးမလှလို့ ဈေးမရဘူး၊ ဘယ်တောင်သူမှ ဒီနှစ် ဖရဲသီး စိုက်ရတာ တွက်ခြေမကိုက်ကြဘူး၊ ထွက်လာသမျှ ဖရဲသီး တွေက ရက်ကြာကြာလည်း အထားမခံဘူး၊ ပုပ်မယ်ဆို တာကြီးပဲ၊ အခုနှစ်တော့ ဖရဲစိုက်ရတာ အရင်းတောင် ပြန်မရဘူး ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲကာ ဖရဲသီး စိုက်ပျိုးရေးလုပ်ငန်း
များကို ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျောင်း ကုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ မော်လမြိုင်ကျွန်း မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပုသိမ်မြို့နယ် စသည့်မြို့နယ်များ တွင် လုပ်ကိုင်ကြပြီး ယခုနှစ်မိုးဖရဲသီးများ အထွက်နှုန်း ကျဆင်းကာ အရှုံးပေါ်နေခြင်းကြောင့် လာမည့်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေသီးနှံစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။