Trending Now

ဆဒုံးမြို့ (၃၆)မိုင်အနီး တွဲကားတစ်စီးတိမ်းမှော

Spread the love

ဆဒုံးမြို့ (၃၆)မိုင်အနီး တွဲကားတစ်စီးတိမ်းမှောက်ကာ ကားမောင်းသူ အမျိုးသားတစ်ဦး သေဆုံး

EPN
မြစ်ကြီးနာ၊ ဖေဖော်ဝါရီ ၁၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဆဒုံးမြို့ (၃၆) မိုင်အနီး ယမန်နေ့ ညနေ (၃)နာရီခန့် က ကားတာယာများ တင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ကာ ကားမောင်းသူ အမျိုးသားတစ်ဦး နေရာမှာပင်သေဆုံးသွားခဲ့ကြောင်း ဝိုင်းမော်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကံပိုက်တည်မှ ဆင်းလာသည့် ကားတာယာများ တင်ဆောင်လာသည့် တွဲကားသည် ဆဒုံမြို့မှ (၃၆)မိုင်အကွာတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိမြေသားနံရံကို ဝင်တိုက်မိကာ တွဲကားတိမ်းမှောက်ခဲ့ရကြောင်း၊ ယင်းတွဲကားမောင်းနှင်သူမှာ နေရာမှာပင် သေဆုံးခဲ့ကြောင်း ဝိုင်းမော်မြို့အခြေစိုက် လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဖြစ်စဉ်ကတော့ တွဲကားကြီးက အဆင်းအကွေ့မှာ အရှိန်များပြီး ဘေးကနံရံကိုဝင်တိုက်မိတာ။ ကားလဲမှောက်သွားတယ်။ ကားခေါင်းကကြေမွပြီး အထဲက ကားသမားလဲ ညပ်ပြီး သေဆုံးသွားတယ်။ ဘေးမှာပါလာတဲ့ သေဆုံးသူရဲ့ သားကလည်း ခြေထောက်ကျိုးသွားတယ်။ သေဆုံးသူကိုတော့ ဝိုင်းမော်ဆေးရုံကြီးကို ချက်ချင်းပဲ ပို့ထားလိုက်တယ် ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် (၆၀)နှစ်အရွယ် မန္တလေးမြို့နေ ဦးသိုက်စိုး ဆိုသူဖြစ်ကာ တွဲကားယဉ် ဦးခေါင်းခန်းအတွင်း ကားဆီရာတိုင်နှင့် ညပ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် သေဆုံးသူနှင့် အတူပါလာသည့် သားဖြစ်သူ အသက် (၂၄)နှစ်အရွယ် ကိုရဲနောင်ထက် ဆိုသူမှာလည်း ခြေထောက်ကျိုးဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။