Trending Now

မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးရမည့် သမိုင်းပေးအမွေ “ပြည်ထောင်စုနေ့ ’’

Spread the love

မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးရမည့် သမိုင်းပေးအမွေ “ပြည်ထောင်စုနေ့ ’’

EPN
အယ်ဒီတာအာဘော်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်

“ပြည်ထောင်စုနေ့’’ ဟူသော ဝေါဟာရစကားသည် ခံ့ညားထည်ဝါသောအဓိပ္ပာယ်ကို ဆောင်သည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ ထိုနေ့ထူးနေ့မြတ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အုတ်မြှစ်ချပေးလိုက်သောနေ့လည်း ဖြစ်ပေသည်။

တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသား အပေါင်းတို့နှင့်လည်း သက်ဆိုင်သော ‘‘ပြည်ထောင်စုနေ့’’သည် မည်သို့ပေါ်ပေါက်ခဲ့သနည်း။
မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တပေါင်းတစည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။

ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် မြေပြန့်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ် သက်ဝင်သော အောင်ဆန်း – အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။

ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့ ပေါင်းစည်းနေထိုင်ရာ ပြည်ထောင်စုကြီးသည် ပဒေသာပင် ပေါက်သကဲ့သို့ အသင့်ဖြစ်ပေါ်လာသည်မဟုတ်။ ပထမ မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ချိန်မှစ၍ ယနေ့အထိ ပင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး တစ်စိတ် တစ်ဝမ်းတည်း စုစည်းနေထိုင်ကြရန် စည်းလုံးညီညွတ်ရေး ကို တည်ဆောက်ခဲ့ကြရသည်။ မိဘဘိုးဘွားတို့၏ သမိုင်းပေးအမွေဟုပင်ဆိုဆို၊ သမိုင်းပေးတာဝန်ဟုပင်ဆိုဆို ပြည်ထောင်စုကြီးကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးကြရဦးမည် ဖြစ်သည်။ လက်ဆင့် ကမ်း တာဝန်ကျေပွန်ကြမှလည်း အနာဂတ်ပြည်ထောင်စု အရေး စိတ်အေးကြရပေလိမ့်မည်။

ငြိမ်းချမ်းသောဒေသများမှ ကလေးငယ်များမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှုတို့ဖြင့် နေထိုင်နေကြရသည်။ ပညာသင်ကြားနေကြရသည်။ တိုက်ပွဲများဖြစ်ပွားရာ နေရာ ဒေသများမှ ကလေးငယ်တို့မှာ နေရေး၊ စားရေး၊ ဝတ်ရေး တို့အပြင် ပညာသင်ကြားရေးတို့သည် ပျောက်သောလမ်း မှာ စမ်းတဝါးဝါးဆိုသကဲ့သို့ပင်။ တိုက်ပွဲရှောင်များတွင် ကလေးငယ်များ မည်မျှရှိနေမည်မသိ။ ကျောင်းမတက်ရသူ မည်မျှရှိနေမည်မသိ။ သူတို့လေးများ ကြုံတွေ့နေရသည့် ခံစားချက်၊ သူတို့လေးများ၏ ပြည်ထောင်စုမျှော်လင့်ချက် ထက် မည်သည့်အရာက ပို၍အရေးကြီးနေသည်ကို မခန့် မှန်းတတ်တော့ချေ။

ပြည်ထောင်စုဆိုသည်က စာရွက်တွင်သာ ရှိရမည့် အရာမဟုတ်သကဲ့သို့ ရည်ညွှန်းရမည့် စကားသက်သက် လည်း မဟုတ်ပါ။ ပြည်ထောင်စုတွင်နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးသည် ကောင်းတူဆိုးဖက် တစ်စိတ် တစ်ဝမ်းတည်း နေထိုင်လိုစိတ်ရှိကြရပေမည်။

တစ်နည်း အားဖြင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုစည်းနေထိုင် ကြသည့် မိမိတို့နိုင်ငံသည် သူတစ်လူငါတစ်မင်းနှင့် ကိုယ့်မြင်းကိုယ်စိုင်းနေကြမည်ဆိုပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက် ဆိုသည်မှာ လိုက်လေဝေးလေဖြစ်မည်ကို စိုးရိမ်မိပါသည်။ သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုသည်က မိမိတို့လက်တစ်ကမ်းတွင် ရှိနေသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားပါသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။