Trending Now

ပူတာအိုတွင် ဆေးကုသရန်စုထားသည့်ဘာသာရေး ဆရာမတစ်ဦး၏ ငွေများ အခိုးခံရ

Spread the love

ပူတာအိုတွင် ဆေးကုသရန်စုထားသည့်ဘာသာရေး ဆရာမတစ်ဦး၏ ငွေများ အခိုးခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့ လေယာဉ်ကွင်း ရပ်ကွက်(၄)တွင် နေထိုင်သည့် ဘာသာရေး ဆရာမတစ်ဦး၏ ဆေးကုရန်စုထားသော ငွေများ အခိုးခံရသည့်ဖြစ်စဉ်တစ်ခု ယနေ့ နံနက် ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ‌၎င်းရပ်ကွက်ရှိ‌ ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ပူတာအိုမြို့၊ လေယာဉ်ကွင်း ရပ်ကွက်(၄)ရှိ အေဂျီအသင်းတော် ဆရာမတစ်ဦး၏ နေအိမ်မှ ဆေးကုသရန် စုထားသည့် ငွေများအား အိမ်နောက်ဘက်မှ ဝင်လာပြီး ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ခိုးခံရတာက ဒီနေ့မနက် ၃ နာရီလောက်မှာ ဖောက်ထွင်းသွားတာပါ၊ ဆရာမအိပ် ပျော်နေတဲ့ အချိန်ခိုးသွားတာ”ဟု အနီးရှိဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပိုက်ဆံများ အခိုးခံရသည့် ဆရာမကလည်း Facebook စာမျက်နှာတွင်အောက်ပါ အတိုင်း စာရေးတင်ထားသည်။

“မိတ်ဆွေများရှင့် မနေ့ညက ကျမနေအိမ် သူခိုးဝင်ခိုးသွားပါတယ်။ ပိုက်ဆံအိတ် ဟောင်းလောင်းကြီးထားခဲ့တယ်။ နောက်ပေါက်က‌နေဝင်ပြီးခိုးသွားပြီးမှ မှတ်ပုံတင်ကိုဒီလိုလေး တံခါးပေါက်ဘေးမှာ တင်ထားခဲ့တယ်။ ရှိသမျှ ပိုက်ဆံတွေအကုန်ပါသွားပါတယ် အားလုံးသတိထားကြပါစို့”ဟု ဖော်ပြထားသည်။

ယင်းပိုက်ဆံအိတ်အတွင်း တစ်သောင်းတန်နှင့် တစ်ထောင်တန် စုစုပေါင်း ၄ သိန်းကျော်ရှိပြီး ခိုးယူသွားသည့် သူခိုးမှာ ငွေများကိုသာ ထုတ်ယူသွားကာ မှတ်ပုံတင်အား တံခါးပေါက်ရှေ့တွင် ချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခိုးယူသည့်သူခိုးမှာဘယ်သူဘယ်ဝါမှန်း မသိရပဲ ၎င်း ရပ်ကွက်အနီးနားရှိ မူးယစ်ဆေးဝါးသုံးစွဲသူများ ခိုးယူမှု ဖြစ်နိုင်ကြောင်း ဒေသခံများမှ ယူဆကြသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။