Trending Now

ပူပြင်းတဲ့နွေကို အံတုနိုင်ဖို့ လျှပ်စစ်မီး လုံလောက်မှု ရှိရဲ့လား

Spread the love

ပူပြင်းတဲ့နွေကို အံတုနိုင်ဖို့ လျှပ်စစ်မီး လုံလောက်မှု ရှိရဲ့လား

EPN
ဆောင်းပါး
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်
ကောင်းဇေ – ရေးသည်။

ယခုဆိုရင် ပွင့်လင်းရာသီဖြစ်သော ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပူပြင်းရာသီကို ရောက်ရှိလာပြီ ဖြစ်တာနဲ့အမျှ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာမှာဘဲ ဖြစ်ပါတယ်။ နည်းပညာ မြင့်မားလာမှုနဲ့အတူ လူနေမှု အဆင့်အတန်းတွေကလည်း မြင့်မားလာတာကြောင့် လျှပ်စစ်အသုံးပြုမှုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တိုးမြင့်လာပါတယ်။

လျှပ်စစ်အသုံးပြုမှုတွေ မြင့်မားလာပေမယ့်လည်း ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေ လျော့နည်းလာခြင်း မရှိတဲ့အတွက် လျှပ်စစ်ထုတ်လုပ်မှုက တိုးတက်လာမှု မရှိသေးတာကို ဖော်ပြနေသလို ဖြစ်နေပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မယ့် အချိန်ကို ကြိုတင်မသိရသလို မီးကလည်း အချိန်မရွေး ပြတ်တောက်နေတာကြောင့် ပြည်သူတွေရော လုပ်ငန်းရှင်တွေပါ အခက်တွေ့စေပါတယ်။ အရင်ကဆိုရင် မီးပျက်သွားရင်လည်း မီးစက်နှိုးပြီး လည်ပတ်လို့ ရတဲ့အတွက် သိပ်အရေး မဟုတ်ပေမယ့် အခုလိုမျိုး စက်သုံးဆီစျေးကလည်း မိုးထိနေတဲ့အချိန် လုပ်ငန်းလုပ်သူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ရတာပါ။ ဒီအတွက် မီးလာတဲ့အချိန်ကို စောင့်နေရမယ့်တူတူ တွက်ခြေမကိုက်တဲ့အတွက် ဆိုင်ပိတ်ထားဖို့တောင် စဉ်းစားလာရတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။ ဒီလိုမျိုး တွက်ခြေမကိုက်လို့ ဆိုင်တွေသာ ပိတ်မယ်ဆိုရင် အောက်ခြေ ဝန်ထမ်းတွေအတွက် ကချင်ပြည်နယ်အတွင်းမှာ အလုပ်လက်မဲ့ လူဦးရေတွေ ထပ်မံ တိုးပွားလာစေမှာ အမှန် ပါပဲ။

အခုလိုမျိုး ဆီစျေးအဆမတန် တက်တာတွေ လျှပ်စစ်မီးမကြာခဏ ပျက်တာတွေ စတဲ့ ဒဏ်တွေကို အများဆုံး ခံစားရတာကတော့ အခြေခံလူတန်းစား ပြည်သူတွေပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ အကြောင်း တရားတွေအောက်မှာ တကယ်ထိတွေ့ ခံစားရတာကလည်း အခြေခံလူတန်းစား ပြည်သူတွေပါပဲ။ ဒါတွေကို အစိုးရ တာဝန်ရှိ လူကြီးမင်းတွေ အနေနဲ့ အလေးထား သတိပြုသင့်ပါတယ်။

လက်ရှိအချိန်မှာ အခြေခံ လူတန်း စားတွေအတွက် အရေးတကြီး လိုအပ်နေတာက အလုပ်အကိုင် ရရှိဖို့ပါ။ အလုပ်အကိုင် ရရှိဖို့ဆိုတာက စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ လက်ရှိအရေးကတော့ စီးပွားရေးလုပ်ငန်းတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံအရေး၊ စက်သုံးဆီအရေး၊ လျှပ်စစ်အရေး စတဲ့ အရေးပေါင်း များစွာထဲက ကြပ်တည်းမှုတွေများနေတဲ့ ပြည်သူ့အရေး ဖြည့်လျော့ပေးနိုင်ရေး ဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်စဉ် လျှပ်စစ်သုံးစွဲမှုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးပွားလာတာကို တွေ့မြင်နေရမှာပါ။ ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတစ်နိုင်ရဲ့ လူဦးရေ တိုးပွားခြင်းနဲ့အတူ ဒွန်တွဲလာတာက တိုက်တာ အဆောက် အအုံ တွေပဲဖြစ်ပါတယ်။ နှစ်စဉ်လူဦးရေ တိုးပွားလာတာနဲ့အမျှ နေထိုင်စရာ အိမ်ယာ အကြီးအသေး တွေက လည်း တိုးပွားနေဆဲပါ။ အိမ်ယာတွေ တိုးချဲ့လာတာနဲ့အမျှ လျှပ်စစ်ဓါတ်အား အသုံးပြုမှုကလည်း တိုးနေဦး မှာပါ။ နွေရာသိကာလမှာ ဆိုရင်လည်း အပူဒဏ်ကို ခံနိုင်ဖို့အတွက် အဲယားကွန်း၊ ပန်ကာစတဲ့ လျှပ်စစ်ပစ္စည်း သုံးစွဲမှုတွေကလည်း လျှပ်စစ်သုံးစွဲမှုကို ပိုပြီးမြင့်တက်စေမှာ ဖြစ်ပါတယ်။

လူတစ်ဦးချင်း အသုံးပြုတဲ့ လက်ကိုင်ဖုန်း အပါအဝင် အခြားအဆောင်အယောင် ပစ္စည်းတွေဟာ ဆန်းသစ် တီထွင်မှုအပေါ် မူတည်ပြီး လျှပ်စစ်ဓါတ်အားကို တိုးပြီးသုံးဖြစ်လာတာပါ။ ဖုန်းအသုံး ပြုမှုကိုပဲ ကြည့်မယ် ဆိုရင်လည်း ဥပမာ လူဦးရေ ၁ သန်းရှိရင် ဖုန်းအသုံးပြုမှုက ၂ သန်းလောက် ရှိနေပါပြီ။ လူတစ်ဦးကို ဖုန်း နှစ်လုံး၊ သုံးလုံး အသုံးပြုလာကြလို့ပဲ ဖြစ်ပါတယ်။ တိုးပွါးလာတဲ့လူဦးရေအပေါ်မူတည်ပြီး စား၊ဝတ်၊နေ ဆိုတဲ့ သက်ရှင်ရပ်တည် ရေးမှာ လျှပ်စစ်က မပါမဖြစ် အရေးပါလာတာပါ။

နေ့စဉ်လူနေမှုဘဝမှာ လျှပ်စစ်မီးဟာ အရေးပါဆုံးကဏ္ဍမှာ တည်ရှိနေပြီး ဘယ်လိုမျိုး ကုန်ထုတ်လုပ် ရေးလုပ်ငန်းတွေ မဆိုထားနဲ့ သာမာန်မိသားစု အဆင့်မှာပင် လူတန်းစားမျိုးစုံအတွက် လျှပ်စစ်မီးဟာ အလွန် အရေးပါသည်မှာ အထူးပြောပြနေစရာပင် မလိုအပ်တော့ပါဘူး။ ဒါ့အပြင် လူတစ်ဦးပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ် အသေးအဖွဲ လေးကအစ နိုင်ငံတော်ကြီး တစ်ခုကို ဖွံ့ ဖြိုးတိုးတက်နိုင်ဖို့ အတွက်ဆို လျှပ်စစ်ဓာတ်အားဟာ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

လူနေထိုင်မှု သိပ်သည်းတဲ့မြို့ ပြလိုနေရာမျိုးတွေမှာ အသုံးပြုမှု ပိုမိုများပြားပါတယ်။အဲလို ပြည်သူတွေရဲ့ လျှပ်စစ်လိုအပ်ချက်နဲ့ လျှပ်စစ်သုံးစွဲခြင်းဆိုင်ရာကို အစိုးရက ချုပ်ကိုင်ပြီး စီမံကွပ် ကဲရတာဖြစ်ပါတယ်။ ဘယ် အစိုးရတက်တက် ဒီလိုပြည်သူတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာက အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိုင်တွယ်တဲ့နေရာမှာ အစိုးရနဲ့ ပြည်သူအကြားမှာ အဆင်မပြေမှု တွေလည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီလိုအပ်ချက်တွေကိုလည်း အစိုးရက ဖြည့်ဆည်းပေးဖို့ လိုအပ်ပါ တယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းလာပြီဆိုတာက မီးတွေဆက်တိုက် ပျက်နေရတဲ့ အကြောင်း အရင်း တစ်ခုပါပဲ။ ဒီအတွက်ကို ဘာဆက်လုပ်ကြမလဲဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။ ပြည်သူတွေ အနေနဲ့ ကလည်း မျက်တောင်မွှေးတဆုံးပဲ ကြည့်တတ်တဲ့ အကျင့်တွေနေရာမှာ မျက်စိတဆုံး ကြည့်တတ်တဲ့ အကျင့် လေးတွေ အစားထိုးသင့်နေပါပြီ။ ပြန်လည်ပြည့်မြဲ စွမ်းအင်အရင်းအမြစ် ကြွယ်ဝတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် စွမ်းအင်အရင်းအမြစ် မျိုးစုံကနေ လျှပ်စစ်ထုတ်ယူနိုင်ဖို့ ကြိုးစားသင့်နေပါပြီ။ အပြောသက်သက် ကြိုးစား တာထက် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့လဲ ကြိုးစားသင့်ပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းကနေ အခြေခံ လူတန်းစားတွေအတွက် နိုင်ငံတော်ကနေ နှစ်စဉ် စိုက်ထုတ်၍ လျှပ်စစ်ဓာတ်အား ပေးနေခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းသုံးများမှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိနိုင်တာ ဖြစ်တယ်လို့ လျှပ်စစ်ဋ္ဌာနက ထုတ်ပြန်ချက်တစ်ခု တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း အနေနဲ့လည်း စက်မှုလက်မှု လုပ်ငန်းတွေကို အမှီပြုရသလို စက်မှုလက်မှု လုပ်ငန်းတွေကလည်း လျှပ်စစ်ကို အမှီပြုပြီး လည်ပတ်နေရတာပါ။

ပြည်နယ်တစ်ခု ဖွံ့ဖြိုးဖို့အတွက် ဆိုရင်လည်း စက်မှုလက်မှု လုပ်ငန်းတွေက အရေးပါသလို လျှပ်စစ်မီးကလည်း မရှိမဖြစ် အရေးကြီး လှပါတယ်။ စက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် ဆိုရင်လည်း ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင် စားမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှသာလျင် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား မြှင့်တင်ဖို့ဆိုရင် လက်ရှိ ရှိနေတဲ့ လျှပ်စစ်ဓာတ်အား စက်ရုံတွေကို အဆင့်မြှင့်တင်ဖို့ လိုမှာဖြစ်သလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းတွေကိုလည်း တိုးချဲ့ထုတ်လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သဘာဝက ပေးထားတဲ့ ပြန်ဖြည့်မြဲစွမ်းအင် အရင်းအမြစ်တွေကို တိုးချဲ့ထုတ်လုပ်ရမှာပဲ ဖြစ်ပါ တယ်။ စွမ်းအင်လိုအပ်မှု မြင့်မားလာတဲ့အပေါ် အရေးကြီးကဏ္ဍ တစ်ခုအဖြစ် သတ်မှတ်ပြီး လျှပ်စစ်စွမ်းအား တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပွင့်လင်းရာသီ ရောက်လာပြီ ဆိုတာနဲ့ နောက်ထပ်သတိပြုရမယ့် အချက်တစ်ခုက မီးဘေး အန္တရာယ်ဖြစ်သလို မီးလောင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း လျှပ်စစ်ကြောင့်ဖြစ်တဲ့ ပေါ့ဆမီးက အများဆုံး အဖြစ်များတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ကြောင့် ဖြစ်ပေါ်ရတဲ့ မီးလောင်မှုတွေထဲမှာ မကြာခဏ လျှပ် စစ်မီး ပြတ်တောက်မှုတွေကလည်း အကြောင်း တရားတစ်ခုအဖြစ် ပါဝင်လာပါတယ်။

မီးလာတဲ့အချိန်မှာ လျှပ် စစ်ကိုအသုံးပြု ထမင်းအိုးတည်ထားရာကနေ မီးပြတ်တဲ့အချိန် ခလုပ်ပိတ်ဖို့ မေ့သွားတာတွေကလည်း မီးဘေး အန္တရာယ် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ အခုကာလကလည်း ပွင့်လင်းရာသီကာလ ဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ မလွတ်ကင်းတဲ့ သစ်ပင်အကိုင်းခက်တွေ ခုတ်ထွင်ရှင်းလင့်တဲ့အချိန် မီးပြတ်တောက် မှုတွေကို ကြုံတွေနိုင်ပါတယ်။ ဒါကိုလည်း လျှပ်စစ်အသုံး ပြုနေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ သတိပြုသင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဥတု ရာသီမရွေး၊ ချိန်ခါမရွေး ဖြစ်ပေါ်နေတဲ့ မီးဘေး အန္တရာယ်တွေမှာ မီးလောင်ရတဲ့ အကြောင်းတရားတွေထဲမှာ လျှပ်စစ်မီး (မီးခလုတ်များ) ကို ကိုင်တွယ်သုံးစွဲသူရဲ့ မေ့လျော့မှု၊ ပေါ့လျော့မှုတွေ ကြောင့် ဖြစ်ပေါ်ရတဲ့ ပေါ့ဆမီး အန္တရာယ်က အများဆုံးဖြစ်ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းတွေထဲမှာ လျှပ်စစ်ကို စနစ်တကျ မသုံးစွဲတတ်တာလည်း ပါပါတယ်။ မီးဖိုချောင်မှာ လျှပ်စစ်ကို အမြဲတစေ အသုံး ပြုနေရတဲ့ အိမ်ရှင်မတွေကို လျှပ်စစ်နဲ့ ပတ်သက်တဲ့ အခြေခံ အကြောင်းအရာတွေ ရှင်းလင်းပြောပြ ထားသင့် ပါတယ်။ ချက်ပြုတ်နေတုန်း မီးဖိုနဲ့ ဝေးရာ ထွက်သွားတာမျိုး မလုပ်ဖို့၊ မီးဖိုနားမှာ လောင်စာ၊ အမှိုက်သရိုက်တွေ မထားဖို့၊ မီးလောင်လွယ်တဲ့ စက္ကူ၊ အဝတ်စ၊ မီးခြစ်လို အရာတွေကို မီးဖိုနား မထားမိစေဖို့ အရေးကြီးပါတယ်။ ချက်ပြုတ်နေချိန်မှာ အဝတ်အစား ဖိုသီဖက်သီဖြစ်နေရင် မီးနဲ့ထိပြီး မီးလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ မီးအသုံးပြုပြီးတာနဲ့ မီးကြွင်းမီးကျန် မရှိအောင်၊ လုံးဝငြိမ်းသွားအောင် ဂရုတစိုက် စောင့်ကြည့်တာမျိုး လုပ်သင့် ပါတယ်။ လျှပ်စစ်မီးအားကို ခံနိုင်ဝန်ထက် ပိုသုံးရင်လည်း အန္တရာယ်ရှိပါတယ်။ အိမ်အပြင်ဘက်ကို ထွက်တော့ မယ်ဆိုရင်လည်း လျှပ်စစ်မီးခလုတ်တွေ သေသေချာချာ ပိတ်ဖို့၊ မီးကြွင်းမီးကျန်တွေမရှိအောင် စစ်ဆေးဖို့ လိုအပ်ပါတယ်။

နွေရာသီကို ရောက်ရှိလာပြီ ဆိုတာနဲ့ မီးပြတ်တော့မယ် ဆိုတာက ပြည်သူတွေရဲ့ ရင်ထဲမှာ စွဲမြဲနေပါပြီ။ ဟိုးယခင် ကာလတွေတုန်းက သိပ်ပြီးမသိသာခဲ့ပေမယ့် လူနေသိပ်သည်းမှု မြင့်မားလာတာတွေ၊ နည်းပညာအသုံးပြု လျှပ်စစ်ပစ္စည်း သုံးစွဲမှု မြင့်မားလာတာတွေကြောင့် လျှပ်စစ်သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ မြင့်မားလာတဲ့ ယခုလို ကာလမျိုးမှာတော့ လျှပ်စစ်မီး ပြတ်တောက်မှုက ပြည်သူတွေအတွက် အခက်အခဲ တစ်ရပ် ဖြစ်လာနေပါပြီ။ လျှပ်စစ်မီး ပြတ်တော်မှုကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေကလည်း ပြည်သူတွေကို များစွာ နစ်နာစေပါတယ်။ လျှပ်စစ်သုံးစွဲမှု များပြားတဲ့ ယခုလိုကာလမှာ လျှပ်စစ်ကို လုံလောက် စွာ ထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လုံလောက်စွာ မထုတ်လုပ် နိုင်သေးဘူးဆိုရင်တောင် လျှပ်စစ်မီး ကို အလှည့်ကျပေးမယ် ဆိုရင်လည်း အချိန်ကာလ အတိအကျနဲ့ ပေးနိုင်ဖို့ကို ပြည်သူတွေက လိုလားနေတာပဲ ဖြစ်ပါတယ်။ ပူပြင်းတဲ့နွေကို အံတုနိုင်ဖို့ လျှပ်စစ်မီး လုံလောက်မှု ရှိရဲ့လား ဆိုတာကတော့……။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။