Trending Now

မိုးမောက်မြို့ရှိ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

Spread the love

မိုးမောက်မြို့ရှိ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

EPN
မိုးမောက်၊ ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ မိုးမောက်မြို့ရှိ နေရပ်စွန့်ခွာတိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးမောက်မြို့ရှိ RC မံပုံ တိုက်ပွဲရှောင်စခန်းတွင် ဖွင့်လှစ်ပေးနေပြီဖြစ်ကာ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ လက်ဆေး ဆပ်ပြာ၊ ခေါင်းလျှော်ရည်ဆပ်ပြာ စသည့်ဆပ်ပြာ အမျိုးအစား (၁၀) မျိုး ထုတ်လုပ်နည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“အခုလို သင်တန်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်လာမယ်၊ ဒီတော့ မိသားစုတွေ ဝင်ငွေတွေ ရရှိမယ်၊ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်ပြီးတော့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာကြောင့် နိုင်ငံစီးပွားရေးကိုလည်း စဉ်ဆက်မပြတ် တိုးတက်လာစေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့ အထိ (၅)ရက်ကြာ၊ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကာ RC မံပုံတိုက်ပွဲရှောင်စခန်းနှင့် KBC တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူ (၂၀)ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

“အခုသင်တန်းက မိသားစုတွေအတွက် ကိုယ်ပိုင်စီးပွားရေးတွေလုပ်ဖို့ အများကြီးအထောက်အကူပြုတယ်၊ အခုလို တိုက်ပွဲရှောင်စခန်းမှာနေပြီးလဲ ဒီလုပ်ငန်းတွေကိုလုပ်လို့ရတယ်၊ ဒါမှမဟုတ် နေရပ် အိမ်ပြန်ရရင်လဲ အိမ်မှာနေရင်းလုပ်လို့ရတယ်၊ အခုလို သင်တန်းတွေဖွင့်ပေးလို့ ကျေးဇူးအများကြီးတင်တယ်၊ နောက်ထပ်လဲ စားသောက်ကုန်နဲ့ ပတ်သက်တဲ့သင်တန်းလေးတွေလဲ ဖွင့်ပေးစေချင်တယ်” ဟု ရောဘတ် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းသည် တိုက်ပွဲရှောင်ပြည်သူများအတွက် ဖွင့်လှစ်ပေးခဲ့သည့်မှာ တတိယ အကြိမ်မြောက်ဖြစ်ကာ ဇန်နဝါရီလအတွင်းကလည်း ရောဘတ်တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူ ၂၆ ဦးအတွက်လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။