Trending Now

ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း ပေးပို့သည့် နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သဝဏ်လွှာအား မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

Spread the love

ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း ပေးပို့သည့် နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သဝဏ်လွှာအား မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။
မင်္ဂလာနှုတ်ခွန်းဆက်သဝဏ်လွှာ
ရက်စွဲ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ( ၂၇ ) ရက်။
ချစ်ခင်လေးစားရပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကချင်ပြည်နယ်အထူး ဒေသ (၁)၊ ဝိုင်းမော်မြို့နယ်ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ပန်ဝါမြို့၊ ကံပိုင်တည်မြို့၊ ထော့လန်လကင်မြို့၊ လော်ချိန်မြို့၊ ထေးမိုးမြို့၊ ထန်းဒုန်ဂလန်မြို့၊ ကန်းဖန့်မြို့၊ မျှော်ဂျောင်မြို့၊ ချန်းမိုးခုန်း နုဇွန်ဘော်မြို့၊ တမူခုန်းမြို့၊ မန်စန်မြို့၊ ချမ်းကျူမြို့၊ ရှငေါ်မြို့၊ မန်ဒေါင် ခဝမ်မြို့၊ မန်ဝိန်းမြို့၊ ဆဒုံးမြို့၊ ငေါ့ချုံးမြို့ဆဂါပါမြို့ တို့တွင် အစဉ်အဆက်နေထိုင်လာခဲ့ကြကုန်သော သွေးချင်းညီနောင် လော်ဝေါ်လူမျိုးများ၊ လာချိတ်လူမျိုးများ၊ ငေါ့ချန်းလူမျိုးများ၊ ဇိုင်းဝါးလူမျိုးများ၊ လီဆူ လူမျိုးများနှင့် အတူတကွ လက်တွဲ နေထိုင်သည့် ဗမာလူမျိုးအနွယ်ဝင်များ၊ ရှမ်းလူမျိုးအနွယ်ဝင်များ၊ ဂျိန်းဖေါလူမျိုးအနွယ်ဝင်များ၊ တရုတ်/အိန္ဒိယ အနွယ်ဝင်များ အပေါင်းတို့ခင်ဗျား
ခက်ခဲကြမ်းတမ်းသည့် ၂ဝ၂၂ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်ပါသည်။ ၂၀၂၂ခုနှစ် မတိုင်မှီ ကာလများအတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံသားမိသားစုများအတွင်း ပေါ်ပေါက်ခဲ့သော အခြေအနေ ဆိုးများ၊ အဖြစ်အပျက်ဆိုးများသည်လည်း ၂၀၂၂ခုနှစ်နှင့်အတူ ကုန်လွန်သွားရတော့မည်ဘဲ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏နိုင်ငံတော်၊ ကျွန်တော်တို့၏လူမျိုး၊ ကျွန်တော်တို့၏ အကျိုးစီးပွားနှင့် ချမ်းမြေ့သာယာပျော်ရွှင်သော မင်္ဂလာရှိသော အကျိုးစီးပွားများကို ဆုတ်ယုတ်ကျ ဆင်းစေသော ပဋိပက္ခများ၊ အထူးသဖြင့် အလုံးစုံဆုတ်ယုတ်ကျဆင်းစေသော လက်နက်ကိုင်ပဋိပက္ခများ အားလုံးကိုလည်း စွန့်ပစ်ထားခဲ့ရန် အခွင့်အလမ်းတရပ် ရရှိနေချိန် ပြည်သူအပေါင်း၏ အကျိုးစီးပွားနှင့် ကျေးဇူးတရားများကို အသစ်တည်ဆောက်ယူနိုင်မည့် ၂၀၂၃ခုနှစ်ကို ရရှိတော့မည် ဖြစ်ပါသည်။
ချစ်ခင်လေးစားရပါသော ညီတော်နောင်တော်များခင်ဗျား ကျွန်တော်တို့လူသားကမ္ဘာကြီးသည် အလွန်စိတ်ချမ်းသာရမည့် ကမ္ဘာကြီးဘဲဖြစ်ပါသည်။ ကျွန်တော်တို့၏ကမ္ဘာကြီးနှင့် ကျွန်တော်တို့လူသားမျိုးနွယ်စုများကို ဖျက်ဆီးသော သဘောတရားတွေကို သင်ခန်းစာယူပြီး ဆန့်ကျင်ရှောင်ရှားတတ်ကြရန် ကျွန်တော်မေတ္တာစေတနာထားပြီး တင်ပြလိုပါသည်။
၁။ ငြိမ်းချမ်းရေးနိုဗယ်ဆုတွေကို ချီးမြှင့်ခံလိုက်ရသည့် လူပုဂ္ဂိုလ်များနှင့် သူတို့နှင့်ဆက်နွယ်သော လူများ၊ လူမျိုးများ၊ နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးမရရှိဘဲ မငြိမ်းချမ်းမှု့များစွာ ထိုနိုဗယ်ဆုရှင်ကိုအသုံးချပြီး လိုက်လံဖန်တီး ပဋိပက္ခများကို ဖြစ်ပေါ်နေခဲ့ပါသည်။ သို့ပါ၍ ငြိမ်းချမ်းရေး နိုဗယ်ဆုက ဖန်တီးပေးမည့် အန္တရာယ်အမျိုးမျိုးကို သတိကြီးစွာထားပြီး ရှောင်ရှားကြရပါမည်။
၂။ အမေရိကန်ဦးဆောင်ပြီး ခံယူကြရန် တိုက်တွန်းနေသည့် လူ့အခွင့်အရေးများ၊ အမျိုးသားအခွင့် အရေးများဘာသာရေးကိစ္စများ၊ နိုင်ငံရေးကိစ္စများသည် ကျွန်တော်တို့၏နိုင်ငံတော်၊ ကျွန်တော်တို့၏ ညီနောင်အချင်းချင်းကြား စည်းလုံးညီညွတ်မှု့ ပျက်ဆီးစေသည့် အဆိပ်တုံးများဖြစ်သည်ဆိုတာကို သတိထား သိရှိရမည်ဖြစ်ပါသည်။ နယ်ချဲ့သမားများသည် စည်းလုံးညီညွတ်နေသော လူမျိုးများကို ဖြိုခွဲပါသည်။ ၄င်းတို့၏ငွေကြေးများကျွေးပြီး စည်းလုံးညီညွတ်မှု့ကို ဖြိုခွဲပါသည်။ စည်းလုံးညီညွတ်မှ ပြိုကွဲပြီး ပဋိပက္ခဖြစ်ပေါ်ခဲ့ကြပြီဆိုရင် အဲဒီထဲကမှ ဂိုဏ်းအုပ်စုတခုကို ရွေးယူပြီး လက်နက်ကိုင် ပဋိပက္ခ ဖန်တီးသည်။ သူတို့၏လူသတ်လက်နက်များကို ရောင်းချပြီး ကျွန်တော်တို့အချင်းချင်း ရန်လိုသတ်ဖြတ် ကြသည်။ လက်နက်ကိုင်ပဋိပက္ခပေါ်ပေါက်သည့် နေရာတိုင်းသည် ၄င်းတို့၏လက်နက်များ ရောင်းချပြီး အမြတ်ထုတ်သည်။
ကျွန်တော်တို့အချင်းချင်း သူတို့၏လက်နက်များဝယ်ယူပြီး တိုက်ခိုက်သတ်ဖြတ်စေသည်။ သမိုင်းတလျှောက် ဤသို့သော ကြံစည်မှု့များလက်ညှိုးထိုးမလွဲ ဖြစ်ပေါ်နေသည်။ ကျွန်တော်တို့ လူမျိုးများ အတွင်းတွင်လည်း နယ်ချဲ့သမားများ၏ လက်နက်ဖြင့် မိမိလူမျိုးပြည်သူများ ဆင်းရဲဒုက္ခ များစွာနှင့် ကြုံတွေ့ရမှု့သည် အလွန်ဆိုးဝါးပါသည်။ မိမိတို့၏ကျေးရွာများတွင် မိမိတို့၏အိုးအိမ်ပျက်၊ မိဘနှင့်ကွဲ၊ သားကွဲမယားကွဲ ဘဝများဖြင့်ဆင်းရဲဒုက္ခ ရောက်နေရသည်။ စစ်ပြေး စစ်ရှောင်ဆိုပြီး ထွက်ပြေးနေရသည်။ လက်နက်ကိုင်လမ်းစဉ်ကို ဖျက်သိမ်းပြီး ပြည်သူလူထုကို အမှန်တကယ် ငြိမ်းချမ်းစေကြရန် တောင်းဆိုပါသည်။ တိုင်းရင်းသားများအကျိုး၊ ပြည်သူများ၏ အကျိုးမှန်သမျှ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပါမှ ပေါ်ပေါက်လာမည်။
၃။ ဒီမိုကရေစီစနစ်သည် ကျွန်တော်တို့နိုင်ငံနှင့်လူမျိုးများ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးကြောင်း ၂၀၀၈ခုနှစ် အခြေခံဖွဲ့စည်းပုံဥပဒေပြဌါန်းပြီး အတည်ပြု အာမခံချက် ချမှတ်ထားပြီးလည်း ဖြစ်သည်။ ကျွန်တော်တို့၏နိုင်ငံတော်သည် လူမျိုးအစုအဖွဲ့များပြားသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ဖေါ်ဆောင်ပြီး စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး ဖေါ်ဆောင် ကြရမည် ဖြစ်ပါသည်။
၄။ အခြေခံဥပဒေအရ ကျွန်တော်တို့လက်ခံကျင့်သုံးသည့် ဒီမိုကရေစီကို ရွေးကောက်ပွဲကျင်းပပြီး အုပ်ချုပ်သည့်အစိုးရ ရွေးကောက်ခန့်ထားသည့်အတွက် နိုင်ငံရေးအာဏာသည် ပြည်သူလူထုက ပိုင်ဆိုင်ထားပါသည်။ ပြည်သူတွေက ၄င်းတို့၏ နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲကျင်းပပြီး ရွေးချယ် ခံရသည့် ကိုယ်စားလှယ်များကို တာဝန်ပေးအပ်ပြီး ကျင့်သုံးခြင်းဖြစ်ပါသဖြင့် လူတိုင်းမဲဆန္ဒပေး ရွေးချယ်ကြရသည်။ ယခုအချိန်အခါမှာလည်း ရွေးကောက်ပွဲကျင်းပကာ ပြည်သူတို့မဲဆန္ဒဖြင့် ကိုယ်စားလှယ်ရွေးချယ်ကြရမည်ဖြစ်ပါသည်။
၅။ သို့ပါ၍ ရွေးကောက်ပွဲကို တရားဥပဒေနှင့်အညီ တရားမျှတသော ရွေးကောက်ပွဲကျင်းပကြရမည် ဖြစ်ပါသည်။ လူတိုင်း၏ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးမှု့မခံပဲ မဲဆန္ဒပေးနိုင်ကြရမည်။ ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရောက် ဆွေးနွေးပြီး အစိုးရတရပ်ဖွဲ့စည်းပေးရေး ဖြစ်သည်။ လွှတ်တော်တွင်နိုင်ငံတော်တဝှမ်း အာဏာလွှမ်းသည့် ဥပဒေပြဌါန်းပေးသွားကြရမည်။ ရွေးကောက် ပွဲဖြင့် ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် တစ်ပါတီအာဏာရှင်စနစ် မပေါ်ပေါက်ရန်နှင့် တစ်ဦးတယောက်အား နိုင်ငံတော်အာဏာကိုရယူပြီး အာဏာရှင်အမှားများ မကျူးလွန်စေရန် ကျွန်တော် တို့သည် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေရမည်။ တိုက်ခိုက်သတ်ဖြတ်မှုများအားလုံး ချုပ်ငြိမ်းစေရမည်ဖြစ်သည်။ ကျွန်တော်တို့၏ မိဘပြည်သူများအားလုံး ဤတာဝန်ကို ထမ်းရွက်ကြရမည်။ ကျွန်တော်တို့အားလုံး ဥပဒေဘောင်အတွင်း တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ကြိုးပမ်းကြရမည်။
၂၀၂၃ ခုနှစ်သည် ကျွန်တော်တို့နိုင်ငံ၏ စိန်ရတုအထိမ်းအမှတ်နှစ်ကြီး ဖြစ်ပါသည်။ စိန်ရတုနှစ် ရောက်ချိန်အထိ ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့ရသော ကောင်းကျိုးအဖျာဖျာကို ဂုဏ်ပြုကြရပါမည်။ ဆိုးကျိုးများကို သင်ခန်းစာယူကြရပါမည်။
ရောက်လာမည့်ကာလ စိတ်ဝမ်းမကွဲခြားကြဘဲ စည်းလုံးညီညွတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပါသည်။
နိုင်ငံတော်အကြီးအကဲများနှင့် ပြည်သူအပေါင်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နိုင်ကြပါစေ။
လေးစားလျှက်
သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။