Trending Now

အင်းတော်မြို့တွင် ရွှေဆိုင်တစ်ဆိုင်အား ဓါးမြတိုက်ခဲ့သူ ငါးဦး အနက် လေးဦး ဖမ်းဆီးရမိ

Spread the love

အင်းတော်မြို့တွင် ရွှေဆိုင်တစ်ဆိုင်အား ဓါးမြတိုက်ခဲ့သူ ငါးဦး အနက် လေးဦး ဖမ်းဆီးရမိ
EPN
အင်းတော်၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဓါးပြတိုက်ခဲ့သူ (၅)ဦးအနက် (၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်မြို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းဓါးပြမှုမှာ အင်းတော်မြို့‌အောင် ချမ်းသာရပ်ကွက် “ဦးတင်အောင်”ရွှေဆိုင်တွင် လွန်ခဲ့သော ဇန်နဝါရီလ (၁၆ ) ရက်နေ့က ဖြစ်ပွားခဲ့သည့်အမှု ဖြစ်ပြီး ရွှေတစ်ပိဿာ ခြောက်ဆယ့်ငါးကျပ်သားခန့် ယူဆောင်သွားကြသူများ ဖြစ်သည်။
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောင်ရွက်နေစဉ် အဆိုပါ တရားခံ (၅)ဦးအနက် (၄) ဦးမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၃၆/၃၇ လမ်းကြားရှိ SPACE BAR ဘီယာဆိုင်တွင်ရောက်ရှိနေကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှု/ကူဌာန ထံသို့ ဆက်သွယ်ချိတ်ဆက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဓါးပြတိုက်သွားသူ တရားခံ (၅)ဦးအနက် ယခု ဖမ်းဆီးရမိသူများမှာ ပိုင်ထူးကျော် ၂၀ နှစ်(ဘ)ဦးသန်းလွင် ဗမာ/ဗုဒ္ဓ ကျဘမ်း လက်ပံတန်းကျေးရွာ အင်းတော်မြို့နယ်၊ မျိုးလှိုင်ဝင်း ၂၇နှစ် (ဘ)ဦးကျော်ဝင်း ဗမာ/ဗုဒ္ဓ ကျဘမ်း လက်ပံတန်းကျေးရွာ အင်းတော်မြို့နယ်၊ အောင်မိုးထွန်း ၂၁နှစ် (ဘ)ဦးမောင်ထွန်း ဗမာ/ဗုဒ္ဓ ကျဘမ်း လက်ပံတန်းကျေးရွာ အင်းတော်မြို့နယ်၊ နိုင်နိုင်ဦး(ခ)ငကဲ ၂၃နှစ် (ဘ)ဦးသိန်းထွန်း ဗမာ/ဗုဒ္ဓ ကျဘမ်း ထန်းတောကျေးရွာ အင်းတော်မြို့နယ် နေသူတို့ဖြစ်ပြီးသက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။
၎င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံ ပစ္စည်းများဖြစ်သည့် Kawasaki-Z 1000 တံဆိပ်ပါ အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် ၎င်းသော့ တစ်ချောင်း၊ YAMAHA MT-09 တံဆိပ်ပါ အနက်ရောင်ဆိုင်ကယ် (၂)စီးနှင့် ၎င်းသော့ (၂)ချောင်း၊ YINAMBO – 125 တံဆိပ်ပါ နီ/နက် ဆိုင်ကယ်(၁)စီးနှင့် ၎င်းသော့(၂)ချောင်း၊ CANDA- 125 တံဆိပ်ပါ စိမ်း/ပြာ ဆိုင်ကယ်(၁)စီးနှင့် ၎င်းသော့(၁)ချောင်း၊ အလေးချိန် ၁ ပိဿာ ၉ ပဲ ရွှေရည် ၁၄ ပဲ ၂ ပြားရည်ရှိသော အရည်ကျိုပြီး ရွှေခဲ(၉)ခဲ၊ အလေးချိန် ၁၆ ကျပ်သား ၆ ရွေး ရွှေရည်(၁၄)ပဲရည်ရှိ အရည်ကျိုပြီး ရွှေချောင်း(၁)ချောင်း၊ APPLE တံဆိပ်ပါ အဖြူရောင် I phone (၁)လုံး၊ မောင်မျိုးလှိုင်ဝင်း အမည်ပါနိုင်ငံသားစီစစ်ရေးကဒ်(၁)ခု၊ မောင်အောင်မိုးထွန်း အမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်(၁)ခု၊ ပြောက်ကျားဘေးလွယ်အိတ်(၁)လုံး၊ ရွှေအရောင်းအဝယ် ဘောက်ချာ ဖြတ်ပိုင်းများ သက်သေများရှေ့မောက်တွင် ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓါးပြတိုက်ခဲ့သည့် လူငယ် (၅)ဦးအနက် ထွက်ပြေးလွတ်မြောက်နေသည့်ကျန်တစ်ဦးဖြစ်သော မောင်နန်းအောင်(ခ)ရဲထွန်းအောင် ဆိုသူအား ဆက်လက်ဖမ်းဆီးနိုင်ရေးနှင့် ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ထား ကြောင်းသိရသည်
လှိုင်ဘွား (ဗန်းမောက်)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။