Trending Now

ပူတာအိုတွင် တစ်သောင်းတန်အတုများဖြင့် ဒုတိယအကြိမ် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးအား ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီးရမိ

Spread the love

ပူတာအိုတွင် တစ်သောင်းတန်အတုများဖြင့် ဒုတိယအကြိမ် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးအား ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၄

ပူတာအိုမြို့နယ် မူလာရှီးဒီ မနက်ဈေးတွင် တစ်သောင်းတန်းငွေစက္ကူအတုများအသုံးပြုကာ ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးအား ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မူလာရှီးဒီ မနက်ဈေးအတွင်းရှိ ကုန်စုံဆိုင်တစ်ခုအတွင်း အသက် ၂၀ ကျော် အရွယ် လူငယ်နှစ်ဦးမှ တစ်သောင်းတန်အတုများဖြင့် ကုန်စုံပစ္စည်းများကို ပထမအကြိမ် ဝယ်ယူသွားခဲ့ပြီးနောက် နာရီဝက်အကြာတွင် ဒုတိယအကြိမ် တစ်သောင်းတန်းအတုများဖြင့် ကုန်ပစ္စည်းများ လာရောက်ဝယ်ယူစဉ် ဆိုင်ရှင်အမျိုးသမီးမှ ပတ်ဝန်းကျင်အား အကူအညီတောင်း၍ ဖမ်းဆီးခဲ့သည့်အတွက် လူငယ်နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။

“လာတာက နှစ်ယောက်လာတာ ဆိုင်ကယ်နဲ့ ၁၁ နာရီလောက်က တစ်သောင်းတန်းအတုတွေနဲ့ပဲ နှစ်သိန်းဖိုးလောက် ဈေးဝယ်သွားတာ၊ နာရီဝက်လောက်ကြာတော့ပြန်လာဝယ်ကြတာ အဲ့ဆိုင်က ငွေအတုနဲ့ဝယ်ရင်ရတယ်ဆိုတဲ့စိတ်နဲ့ လာပြန်ဝယ်တာထင်တယ် ဆိုင်ရှင်က ဘေးနားမှာရှိတဲ့ ဈေးသည်တွေကိုပြောပြီး ဖမ်းလိုက်ကြတာ၊ တစ်ယောက်ကတော့ ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်”ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသည့် လူငယ်တစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ ဧရာဝတီတိုင်းတွင် နေထိုင်ကြသူများဖြင့်ပြီး ငွေအတု သိန်း ၃၀၀ နီးပါးခန့်ပါလာပြီး ယင်းငွေစက္ကူအတုများကို အသုံးပြုရန် ပူတာအိုသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် လူငယ်တစ်ဦးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်းနှင့် ကျန်ရှိသည့် အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။