Trending Now

နာဂရိုးရာပွဲတော်အား နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ရန် NSCNK – AM ထုတ်ပြန်

Spread the love

နာဂရိုးရာပွဲတော်အား နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ရန် NSCNK – AM ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂ (၂၀၂၄)

နာဂလူမျိုးများ နှစ်စဉ်နှစ်တိုင်းပြုလုပ်လျက်ရှိသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ရန် ခွဲထွက်အဖွဲ့ဖြစ်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – အန်းမိုင်း (NSCNK – AM) အဖွဲ့မှ ဇန်နဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ထား‌ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄၊ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ကြမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား ‌နှောက်ယှက်ဟန့်တားခြင်းမပြုလုပ်ရန် NSCNK – AM ထုတ်ပြန်ရခြင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် NPDF အဖွဲ့မှ လေရှီးမြို့တွင်ကျင်းပပြုလုပ်မည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လက်ရှိအစိုးရမှ အကြီးအကဲများကို ဖိတ်ခေါပြီးပြုလုပ်လျင် ပွဲတော်လုံခြုံရေးအား အာမခံနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက် NSCNK -AM အဖွဲ့မှ ပြန်လည်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နာဂလူမျိုးတစ်ဦးက ပြောသည်။

” NSCNK – AMအဖွဲ့က အခုလိုထုတ်ပြန်တာကျတော့ ဒီဇင်ဘာလတုန်းက NPDF အဖွဲ့တွေက နိုင်ငံရေး မကောင်းတဲ့အချိန် ပျော်ပွဲရွှင်ပွဲတွေလုပ်တာ မသင့်တော်ဘူး။ ပြီးတော့ လက်ရှိအစိုးရရဲ့ထောက်ပံ့မှုတွေကို လက်ခံပြီး အကြီးအကဲတွေကိုလည်း လက်ခံကျင်းပ ပြုလုပ်ခဲ့ရင် ပွဲတော်လုံခြုံရေးကို အာမမခံနိုင်ဘူးဆိုပြီး ထုတ်ထားလို့ အဲ့ဒီလိုမလုပ်ဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – အန်းမိုင်း (NSCNK- AM) အဖွဲ့ ကပြန်ထုတ်ပြန်ထားတာပေါ့ ” ဟု ၎င်းကဆိုသည်။

အဆိုပါ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – အန်းမိုင်း (NSCNK – AM) အဖွဲ့မှ ထုတ်ပြန်ရခြင်းသည် မိမိလူမျိုး၏ပွဲတော်အား လုံခြုံစေရေး၊ ရိုးရာဓလေ့အား ချစ်မြတ်နိုးစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နာဂလူမျိုးတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

” သူတို့ထုတ်ပြန်ထားတာက ကောင်းပါတယ်။ မိမိလူမျိုးရဲ့ပွဲတော်ကို မပျက်စီးစေချင်တာရယ်။ မိမိ လူမျိုးတွေရဲ့ရိုးရာဓလေ့ကို ချစ်မြတ်နိုးတဲ့စိတ် ရှိတာတွေကြောင့် ပွဲအကောင်းဆုံး ဖြစ်စေဖို့ထုတ်ပြန်ထားတယ်လို့ လက်ခံတယ် ” ဟု ၎င်းကပြောသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကြီးကို နာဂလူမျိုးများနေထိုင်ရာ နန်းယွန်း၊ ရှင်ဗွေယန်၊ တနိုင်း၊ လဟယ်၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး စသည့် နေရာများတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံတော်အဆင့် ပွဲတော်ကြီးအား လေရှီးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။