Trending Now

မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး တက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုထား

Spread the love

မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး တက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုထား

EPN
မြစ်ကြီးနား၊ မတ် ၂၆ (၂၀၂၄)

မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေးတက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားခဲ့သည်။

မတ်လ ၂၅ရက်နေ့၊ နံနက် ၁၀ နာရီတွင် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် အွန်လိုင်းမှတွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပြင် မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေးတက္ကသိုလ်တို့တွင် အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးက တက္ကသိုလ်များရှိ အင်္ဂလိပ်စာအထူးပြုဘွဲ့လွန်သင်တန်းများ သင်ကြားကြီးကြပ်ရန် ပါမောက္ခများ၊ ပါရဂူဘွဲ့ရများ လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် အင်္ဂလိပ်စာပါရဂူ ဘွဲ့ရဆရာဦးရေ ၂၀ ရှိပါကြောင်း၊ လက်ရှိကာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် နှစ်ခုတွင်သာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ ဖွင့်လှစ်နိုင်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ကာ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေးတက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အရေအတွက်နှင့် လိုက်လျောညီထွေစွာ အရည်အသွေးရှိသော ပါရဂူဘွဲ့ရပညာတတ်များ ပေါ်ထွန်းစေရေးအတွက် အင်္ဂလိပ်စာပါရဂူကျမ်း ကြီးကြပ်ရေးကော်မတီနှင့် ဘာသာရပ်သင်ကြားရေး အဖွဲ့တို့က ကြီးကြပ်ပေးရန်လည်း ညှိနှိုင်းစီစဉ်ပြီး ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာပါရဂူဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များကလည်း အားဖြည့်စောင့်ရှောက်ပေးစေလိုပါကြောင်း မှာကြားခဲ့ပြီး အင်္ဂလိပ်စာပါရဂူ ဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။