Trending Now

ပူတာအို၌ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုး

Spread the love

ပူတာအို၌ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုး

EPN
ပူတာအို၊ ဇွန် ၂၄

မျိုးစေ့ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လာခြင်းဖြင့် စပါးအထွက်နှုန်း တိုးတက်မြှင့်မားလာပြီး တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရေး အတွက် မိုးစပါးမျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးခြင်း ကို ဇွန်(၂၄)ရက် နံနက်(၉)နာရီက ကချင်ပြည်နယ်၊ပူတာအိုမြို့နယ် ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်း တောင်သူ ဦးဆန်ဒေါင်းဆင်ခေါ်၏ လယ်မြေ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဦးဉာဏ်ကျော်က မိုးစပါး မျိုးထုတ်စံပြကွက် စိုက်ပျိုးပြီး မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက မျိုးကောင်းမျိုး သန့်မျိုးစေ့ထုတ်စိုက်ခင်းများတည်ထောင်၍ တောင်သူများကိုယ်တိုင် မျိုးစေ့ ထုတ်လုပ်သည့်နည်းပညာများကို သိရှိနားလည်သဘောပေါက်ပြီး ကိုယ်ပိုင်မျိုးစေ့ထုတ်စိုက်ခင်းများ တည်ထောင် ကာထုတ်လုပ်နိုင်သည်အထိ ပညာပေးစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

မျိုးသန့် မျိုးစေ့ထုတ်လုပ်ရာတွင် မျိုးသန့်စိုက်ခင်းအင်္ဂါရပ်နှင့်အညီ ခြောက်တန်း တစ်တန်းလှပ်၍ စိုက်ပျိုးသောစနစ်ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး မျိုးကောင်းမျိုးစေ့ ရရှိရန် မျိုးကွဲနုတ်ပယ်ခြင်းစနစ်ကို စပါးပင်သက်တမ်း တစ်လျှောက် သုံးကြိမ် ဆောင်ရွက်သွားမည်ဖြစ်ရာ ရရှိလာသည့် စပါးမျိုးစေ့များကို တောင်သူအချင်းချင်း မျိုးစေ့ဖလှယ်သော စနစ်ဖြင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းထံမှသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။