Trending Now

တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများအနေဖြင့် အခက်အခဲများကြုံတွေ့နေရသည့်အတွက် နေရပ်ပြန်ရန် လိုလားနေ

Spread the love

တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများအနေဖြင့် အခက်အခဲများကြုံတွေ့နေရသည့်အတွက် နေရပ်ပြန်ရန် လိုလားနေ

EPN
မြစ်ကြီးနား၊ မေ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လက်ရှိ နေထိုင်နေသည့် IDP Camp တွင် နေထိုင်ရသည့်အပေါ် အခက်အခဲများရှိနေသော်ကြောင့် မိတို့၏ ဒေသတွင်သာ ပြန်လည် အခြေချနေထိုင်လိုနေကြောင်း တိုက်ပွဲရှောင်ပြည်သူများထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း၌ ၂၀၁၁ ခုနှစ်ပိုင်းအတွင်းက ကချင်အမျိုးသားလွတ်‌မြောက် ရေးတပ်မတော် KIA KIOနှင့် မြန်မာ့တပ်မတော်တို့ကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီးနောက် မြစ်ကြီးနား၊ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်မြို့များရှိ IDP Campများတွင် နေထိုင်နေခဲ့ရခြင်း ဖြစ်သည်။

လက်ရှိ IDP Campများတွင် နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာပြီးဖြစ်သောကြောင့် ယခုအချိန်တွင် စားရေးသောက်ရေး နေရေးထိုင်ရေး ကိစ္စရပ်များတွင် လွန်စွာ ခက်ခဲနေသည့်အတွက်ကိုယ့်ရပ်ကိုယ့်ဒေသ၌သာ ပြန်နေထိုင်ခြင်ကြောင်း မြစ်ကြီးနားမြို့ IDP Camp တာဝန်ခံတစ်ဦးကပြောသည်။

“ကျွန်တော်တို့ Camp မှာ အခုဆို အရမ်းခက်ခဲနေပါတယ် နေစရာမြေနေရာကလည်း ပြောင်းပေးရတော့မယ် ဘယ်ကို သွားရမလဲလည်း မသိဘူး ဖြစ်နိုင်ရင် အစိုးရအနေနဲ့ KIAအဖွဲ့တွေနဲ့ ညှိနှိုင်းလို့အဆင်ပြေကြရင် ကိုယ့်ဒေသပဲ ပြန်ချင်ပြီး မြို့ပေါ်မှာ အခက်အခဲတွေ အများကြီးရှိတယ် အခုဆို မှော်ထဲပြောင်းတဲ့သူတွေ ရှိသလို တစ်ချို့က အမျိုးတွေဆီ ကပ်နေ ကြကုန်ပြီ Campမှာ အဆင်မပြေကြလို့ ဒေသကိုလည်း ပြန်နေချင်ပြီ”ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲရှောင် ဒေသခံပြည်သူများ နေရပ်ပြန်နေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိ အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများက လုပ်ဆောင်နေကြသော်လည်း လက်ရှိအချိန်အထိ အဆင်ပြေမှု မရှိသေးသည့်အတွက် IDP camp များတွင် အခက်အခဲကြား ဆက်လက် နေထိုင်နေရကြောင်း IDP Campမှ တာဝန်ခံတစ်ဦးက ဆိုသည်။

“နေရပ်တော့ ပြန်ချင်တာပေါ့ နိုင်ငံရေးက ပိုဆိုးလာနေတယ်လေ အားလုံးသိတဲ့အတိုင်းဘဲ ပူတာအိုက အဖွဲ့တွေ ပြန်ကြပေမယ့် အခုတိုက်ပွဲတွေ ပြန်ဖြစ်လာပြန်ပြီ ဘယ်တော့ ပြန်ရောက်လာမလဲ မသိဘူး အဲ့ဒါမျိုးတွေ ဖြစ်မှာစိုးလို့ ဒီလိုအခန်းကျဉ်းလေးမှာဘဲ ဆက်ပြီးနေရမှာပဲ နေစရာအခန်းတွေလည်း ပျက်စီးတာတွေရှိနေတယ် ပြန်လည်နေရာချထားတဲ့ နေရာတွေမှာလည်း တချို့တွေ အပြီးနေကြပြီ”ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ခုနှစ်အပိုင်းက တစ်ကျော့ပြန် တိုက်ပွဲများကြောင့် IDP campများတွင် လာရောက်နေထိုင်သူ တစ်သိန်းကျော်ရှိပြီး အများစုမှာ လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်ကြသေးကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။