Trending Now

ရန်ကုန်၊ မန္တလေး ပုရစ်ရောင်းဝယ်ရေး ဒိုင်ကြီးများသို့ ပုရစ်တင်ပို့သူ များပြားခြင်းကြောင့် စျေးကောင်းမရရှိ

Spread the love

ရန်ကုန်၊ မန္တလေး ပုရစ်ရောင်းဝယ်ရေး ဒိုင်ကြီးများသို့ ပုရစ်တင်ပို့သူ များပြားခြင်းကြောင့် စျေးကောင်းမရရှိ

EPN
မြစ်ကြီးနား၊ မေ ၂၀

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုခါ မုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် နေရာ အများအပြားတွင် မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုတို့ကြောင့် တိုင်းဒေသကြီးတို့ တွင် စီးပွားဖြစ် ပုရစ်ကောက်ခြင်းများ ပြုလုပ်ကြ၍ ရန်ကုန်၊ မန္တလေး ပုရစ်ရောင်းဝယ်ရေး ဒိုင်ကြီးများသို့ ပုရစ်တင်ပို့သူ များပြားခဲ့ခြင်းကြောင့် ပုရစ်များ စျေးကောင်း မရရှိကြောင်း မြစ်ကြီးနား ပုရစ် ရောင်းဝယ်ရေးဒိုင်မှ သိရသည်။

ကချင်ပြည်နယ် ဒေသအတွင်းရှိ တာလောကြီး၊ ဆင်ဘို၊ ဟိုကပ်၊ ရွှေညောင်ပင်၊ ဝိုင်းမော် စသည့် မြို့နယ်၊ ကျေးရွာဒေသများမှ ပုရစ်များကို စီးပွားဖြစ်ကောက်ခြင်း၊ ထောင်ဖမ်းခြင်းတို့ ပြုလုပ်ပြီး မြစ်ကြီးနား ပုရစ်ရောင်းဝယ်ရေး ဒိုင်ကြီးသို့ ပြန်လည်တင်သွင်းရာတွင် ထင်သလောက် စျေးကောင်းမရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကျနော်တို့ ဒေသဘက်တွေမှာ မိုးရွာပြီးလို့ နေပူတဲ့ညဆို ပုရစ်ကောက်သူများတယ်။ မီးအလင်းရောင်နဲ့ ထောင်ဖမ်းသူတွေလည်း ရှိကြတယ်။ တစ်ချို့က စီးပွားဖြစ်ကို ပုရစ်ကောက်ကြတယ်။ တချို့ကလည်း အိမ်စားဖို့အတွက် ကောက်ကြတယ်။ ဒါပေမယ့် စျေးကောင်းကြီးတော့ မရဘူး။ ရွာက ကောက်လို့ရတဲ့ ပုရစ်တွေကိုစုပြီး မြစ်ကြီးနား၊ ဝိုင်းမော်မှာရှိတဲ့ ဒိုင်တွေကို သွင်းတယ် ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ လာရောက်ရောင်းချသည့် မိုးပုရစ်များကို ရန်ကုန်၊ မန္တလေး ပုရစ်ရောင်းဝယ်ရေး ဒိုင်ကြီးများသို့ ပြန်လည်တင်ပို့မှု အပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ပုရစ်ပို့သူများ ယခင်နှစ်များထပ် ပိုမိုများပြားခြင်းတို့ကြောင့် ပုရစ်စျေးကောင်း မရရှိခြင်းဖြစ်ကြောင်း မြစ်ကြီးနား ပုရစ်ရောင်းဝယ်ရေး ဒိုင်က ဆိုသည်။

” ကျမတို့ကို လာသွင်းတဲ့ ပုရစ်မှန်သမျှ အကုန်ကောက်တယ်။ ပုရစ်များများရရင်တော့ မန္တလေး၊ ရန်ကုန်ဘက်က ဒိုင်ကြီးတွေကို ပြန်ပို့တယ်။ မြစ်ကြီးနားမှာလည်း စားသုံးသူတွေအတွက် ဖောက်သည် ပြန်ရောင်းပေးတယ်။ လက်လီလက်ကား ပေါ့။ ပုရစ်စျေးက အခုချိန်မှာ စျေးကောင်းကြီးမရဘူး။ ဘာလို့လည်း ဆိုတော့ အနယ်နယ်အရပ်ရပ်က ပုရစ်ကောက်သူတွေက ဒိုင်ကြီးတွေကို ပို့ကြတယ်။ အဲ့တော့ ဒိုင်ကြီးတွေမှာ ပုရစ်တွေ အရမ်းများတော့ စျေးက ထင်သလောက်မရဘူးပေါ့ ” ဟု ယင်းက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်းက မြို့နယ် ကျေးရွာ ဒေသများမှ တင်ပို့လာသည့် ပုရစ်များကို တစ်ကောင်လျှင် သုံးဆယ် ကျပ်နူန်းဖြင့် ပြန်လည်ဝယ်ယူပြီး ရန်ကုန်၊ မန္တလေး ပုရစ်ဒိုင်ကြီးများသို့ တစ်နေ့ လျှင် ပုရစ်အကောင်ရေ တစ်သိန်းမှ ငါးသိန်း အထိ တင်ပို့လျက်ရှိပြီး မိုးပုရစ်များထက် ဆောင်းရာသီထွက်သည့် ပုရစ်မှာ စျေးကောင်းပိုမိုရရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။