Trending Now

ဖားကန့်တွင် ကေအိုင်ကေအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှ အတီး၊အက ဆရာ ကိုစိုင်းရေကျော် ကို အသတ်ခံရကြောင်း သတင်းထွက်ပေါ်နေ

Spread the love

ဖားကန့်တွင် ကေအိုင်ကေအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှ အတီး၊အက ဆရာ ကိုစိုင်းရေကျော် ကို အသတ်ခံရကြောင်း သတင်းထွက်ပေါ်နေ

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာတွင် ကေအိုင်ကေအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှ အတီး၊အက ဆရာ ကိုစိုင်းရေကျော် ကို အသတ်ခံလိုက်ရပြီးဟု သတင်းထွက်ပေါ်နေကြောင်း ဆရာ စိုင်းရေကျော်နှင့် ဆက်စပ် သူများထံမှ သိရသည်။

ကိုစိုင်းရေကျော် မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က နေအိမ်သို့ ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်အနီး သေနတ်ထောက်ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၅ ရက်ခန့်မှစတင်ကာ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

“ဆရာက သူတို့နဲ့ ရန်ငြိုးရန်စလဲမရှိဘူး၊ ရှမ်းနီ ယဉ်ကျေးမှုကော်မတီ အတွက် ကြိုးစားနေတဲ့ ဆရာဖြစ်တယ်၊ ဆရာကိုဖမ်းဆီးသွားတာ ရက် (၂၀)ကျော်ပြီ ၊ ဘယ်မှာထားလဲဆိုတာလည်း ဆက်သွယ်လို့မရဘူး အနီးအနားက ဆက်စပ်သူတွေပြောတာတော့ ဆရာကို သတ်လိုက်ကြပြီလို့ ပြောတယ်၊ သတင်းအတိကျ ရနိုင်ဖို့လည်း ဆောင်ရွက်နေသလို ၊ နောက်နောင် ဒီလိုတွေ မလုပ်ကြဖို့ ဆွေးနွေးနိုင်အောင် ကြိုးစားနေတယ်၊ ဆရာကို ဘာကြောင့်ဖမ်းတာလဲ ၊ ဘယ်ကိုဖမ်းတာလဲ ဘာမှအသိမပေးပဲ အခုကြားရတဲ့ သတ်လိုက်ကြပြီဆိုတဲ့ သတင်းလောက်ပဲ သိရတယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ ဆရာကိုစိုင်းရေကျော်သည် ဖားကန့်၊ ဟောင်ပါး၊ တာမခံ ကျေးရွာများတွင် ရှမ်းနီရိုးရာ အက ၊ အတီးများ ကို လိုက်လံ သင်ကြား ကြပြနေသည့်အပြင် ကြက်ခြေနီအသင်းဝင်တစ်ဦးလည်း ဖြစ်ပြီး ၎င်းတွင် ဇနီးသည်နှင့် အသက် (၃)နှစ် အရွယ် သမီးငယ် တစ်ဦးလည်းကျန်ရှိနေခဲ့ ကြောင်းသိရသည်။

ယခုကဲ့သို့ အသတ်ခံလိုက်ရကြောင်း သတင်းထွက်ပေါ်နေသည့်အပေါ် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြောင်းအရင်း တစ်စုံတစ်ရာမသိဘဲ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများမပြုလုပ်ကြရန် ပြောဆိုထားသည်။

” ဆရာ စိုင်းရေကျော် သတ်ဖြတ်ခြင်းခံလိုက်ရပြီဆိုတဲ့ သတင်းက ကြားရတာ (၅)ရက်လောက်ရှိနေပြီ ၊ အခုဖြစ်စဉ်ပေါ်လဲ မတရားဘူးလို့ပြောချင်တယ်၊ နောက်နောင်လဲ မခုလို လုပ်ရပ်မျိုး မပြုလုပ်ကြဖို့ ၊ လူမျိုးရေး ပဋိပက္ခ မဖြစ်ပွားစေဖို့ အလေးထားစေချင်တယ်၊ ရှေ့ဆက်ဖြစ်လာရင်တော့ လက်ခံနိုင်တော့မှာ မဟုတ်ဘူးလို့လဲပြောချင်တယ်၊ ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် ရှမ်းနီး တိုင်းရင်းသားများအပေါ် ကေအိုင်အေ အဖွဲ့များမှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ချင်းများ ပြုလုပ်လာနေပြီး ဇွန်လ ၂၅ ရက်နေ့ ကလည်း ဖားကန့်မြို့နယ် ရှမ်းနီစာပေနှင့် ရိုးရာ ယဉ်ကျေးမှုကော်မတီ ဒု ဥက္ကဌ ဦးသန်းဖေကို ၎င်း၏နေအိမ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ လာရောက် ပစ်သတ်သွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။