Trending Now

လူမှုဘဝနှင့် နိုင်ငံရေး အပိုင်း (၂)

Spread the love

လူမှုဘဝနှင့် နိုင်ငံရေး အပိုင်း (၂)

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၉ ရက်

မိုးမြင့်မောင် ပြုစုရေးသားတင်ပြသည်။

လောကတွင် လူရယ်လို့ဖြစ်လာပြီဆိုကတည်းက တွဲပြီးပါလာသည်က ဘဝရှင်သန်ရပ်တည်နိူင်ရေးအတွက် ဘဝတိုက်ပွဲကို လူတိုင်းပင် ရင်ဆိုင်ရသည်။ ရှေးယခင်က မတူကွဲပြားသော လူအုပ်စုအချင်းချင်းတိုက်ကြသည်။ အုပ်စုတစ်ခုတည်း အတွင်းမှာပင် သဘောထားအယူအဆ မတူသူချင်း တိုက်ကြသည်။ ထိုကဲ့သို့ တိုက်ကြရာတွင် စည်းကမ်းကလနား ဆိုသည်မရှိ၊ တရားဥပဒေဆိုသည်မရှိ၊ မနိုင် နိုင်သည့်နည်းလမ်းကို အသုံးပြု၍ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ဤကား ကမ္ဘာဦးလူတို့ ကျင့်သုံးဆောင်ရွက်ခဲ့ကြသည့် တိုက်ပွဲများ၏ ပုံသဏ္ဍာန်ပင်ဖြစ်သည်။

“ယနေ့ခေတ် ပထဝီနိုင်ငံရေးအရ ပြစ်ပယ်လို့မရတဲ့ ကိုယ်ပိုင် ရိုးရာဓလေ့၊ ယဉ်ကျေးမှုစာပေ၊ ဘာသာစကား၊ ကိုယ်ပိုင် အမွေအနှစ်များကို စံသတ်မှတ်ချက်များနှင့်အညီ မြှင့်တင်နိူင်ရန် နှစ်ပေါင်းများစွာ အသိအတတ် စာပေပညာရှင်တွေ အဆင့်ဆင့် ဖေါ်ထုတ်ထားတဲ့ အမှန်တရားကို လစ်လျုရှု့ပြီး လွဲမှားတဲ့ နိုင်ငံရေးအမြင် ကျဉ်းမြောင်းမှုတွေကြောင့် စဉ်းစားတွေးခေါ်မှုအားနည်းပြီး သူတစ်ပါးရဲ့ဝါဒမှိုင်းအောက်မှာ ယုံလွယ်ပြီး စိတ်အလိုလိုက်ကာ စည်းကမ်းမဲ့အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတယ်လို့ ယူဆနိူင်တယ်။”

“၂၁ ရာစု တိုက်ပွဲအချို့က အဆီစားပြီး အသားကိုမြိုနေကြ ကြောင်ဖားတစ်စုရဲ့ ပရောဂျက်အမဲလိုက်ပွဲ ပုံစံတွေ ဖြစ်လာတယ်။ နိုင်ငံရေးမသိ နားမလည်သူအများစုက နိုင်ငံရေးပရောဂျက် အမဲလိုက်ပွဲတွေရဲ့ သားကောင် အဖြစ် ဆင်းသက်လာတာ တွေ့ရတယ်။ အသိဉာဏ်နည်းသူတွေအပေါ် နိုင်ငံရေးပါး ဝရုံတင်မက သားသမီးခြင်း ကိုယ်ချင်းမစာ ရက်စက်ယုတ်မာတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအသိုက်အဝန်းဆီ သွားနေတဲ့ ပန်းတိုင်ကတစ်ခုတည်း ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကွာဟချက် မဖြေရှင်းပေးနိူင်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ပြဿနာတွေကြောင့် အရှိအမှန်တရားကို လက်ခံသူနဲ့ လက်မခံလိုသူရဲ့ အမြင်သဘောထား မတူညီမှုအပေါ် ရည်ရွယ်ချက်နဲ့ စောင့်ဆိုင်းနေတဲ့ အနောက်အုပ်စုရဲ့ သွေးထိုး လှုံဆော်မှုတွေထဲမှာ အဆိုးမြင်ဝါဒီသမားအချို့ရဲ့လုပ်ရပ်ကြောင့် သာမန်အရပ်သားတွေက မြေဇာပင် ဖြစ်ခဲ့ရတယ်။”

“တိုင်းပြည်နိုင်ငံအတွင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းတိုင်ပင် အဖြေရှာရမယ့် အစား ပြည်ပအားကိုး နိုင်ငံရေးအမြတ်ထုတ်လိုသူ လူတစ်စုရဲ့ (Third Party) သွေးထိုးလှုံဆော်မှုကြောင့် တချို့နေရာတွေမှာ ပလေယာအသစ်တွေရဲ့ လက်နက်ကိုင်ဖြေရှင်းနည်းက သဘာဝမကျသလို လက်နက်မဲ့ သာမန်အရပ်သားတွေ၊ အခြေခံလမ်းပန်းဆက်သွယ်ရေးတွေ၊ ပညာရေး၊ ဘာသာရေး အဆောက်အဦးတွေနဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် တစ်ဖက်သတ် အကြမ်းဖက်ခြိမ်းခြောက် တိုက်ခိုက်မှုတွေကလည်း အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ပေါက်သလိုဖြစ်နေတယ်။ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေက မှားနေတယ်။ တဖန် ဦးသိန်းစိန် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ အိမ်စောင့်အစိုးရတို့ လက်ထက်မှာ Mother Law နဲ့အညီအုပ်ချုပ်တာဆိုရင် တည်ဆဲဥပဒေတွေနဲ့ မညီပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံသားများရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၃ အရမည်သို့ဆောင်ရွက်ပေးနိုင်မလဲ။ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်ပါပဲနဲ့ လတ်တလော နိုင်ငံသားများရဲ့နေအိမ်ဥပစာတွေ ဥပဒေအရ အကာအကွယ် မဲ့စွာ ဖျက်ဆီးခံနေရခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၇ အရ မည်သို့ ဆောင်ရွက်ပေးနိုင်မလဲ။ နိုင်ငံသားတွေရဲ့ အသက်ဆုံးရှုံးမှု၊ နေအိမ်ဥပစာ ဖျက်ဆီးခံရမှုတွေက စောင့်ကြည့်စရာတွေ ဖြစ်လာတယ်” ဟု မြန်မာ့အရေးသုံးသပ်သူများက ဆိုသည်။

ဥပမာ အားကစားနည်းများတွင် ပွဲကြည့်ပရိသတ်ကို ထိခိုက်ဒဏ်ရာရစေပြီးမှ အနိုင်အရှုံးကို ဆုံးဖြတ်ခြင်း မဟုတ်ဘဲ နှစ်ဖက်အသင်း၏ ကျွမ်းကျင်မှုနှင့် နည်းပညာကို အသုံးချ၍ စုပေါင်းညီညွတ်သော စွမ်းအားဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ တစ်ဖက်အသင်းကို အနိုင်ယူသည့် ကစားနည်းဖြစ်သည်။ အိမ်ကွင်း၊ အဝေးကွင်းပြိုင်ပွဲများကို ကြည့်ခြင်းအားဖြင့် လူတို့စိတ်ဓါတ်ကို ပိုမိုသိရှိနိူင်သည်။ဆိုလိုသည်မှာ စည်းကမ်းနှင့် အားကစားစိတ်ဓါတ်က ဘာဆိုသည်ကို ပိုမိုသိရှိနားလည်နိူင်သည်။

စည်းလုံးညွတ်ခြင်း၏ စွမ်းပကားကို ပိုမိုသိရှိနားလည်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်း (အတ္တကြီးခြင်း)၏ အပြစ်ကိုလည်း နားလည်ရသည်။ ပြိုင်ပွဲတစ်ခုတွင်မနိုင်၊ နိုင်သည့်နည်းလမ်းကို အသုံးပြုပြီး မတရားသော နည်းဖြင့် ကြွက်မနိူင် ကျီမီးနှင့်ရှို့သလို အနိုင်ယူ၍ မရကြောင်း၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းဘောင်အတွင်းမှသာ အနိုင်ယူ၍ရမည်။ ကစားသမားများ၏ လေ့ကျင့်သားပြည့်ဝမှု၊ ကျွမ်းကျင်မှု၊ စည်းကမ်းရှိမှု၊ စည်းလုံးညီညွတ်မှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ နည်းပြဆရာ၏ စကားကို နားထောင်မှုစသည်တို့ အပြင် ပရိသတ်၏ အားပေးမှုသည်လည်း အဓိကကျကြောင်း သိရှိနားလည်ရသည်။ လက်ဝှေ့ စသည့် တိုက်ပွဲဝင် ကစားနည်း များသည် စည်းမဲ့ကမ်းမဲ့ ကစားနည်းများမဟုတ်ပဲ၊ စည်းနဲ့ကမ်းနဲ့ကစားနည်းများဖြစ်သည်။ မထိုးရသည့် နေရာ မထိုးရ၊ မကန်ရသည့်နေရာ မကန်ရ စသည်ဖြင့် စည်းကမ်းများသတ်မှတ်ထားပြီး စည်းကမ်းကို မလိုက်နာပါက သတိပေးခြင်း၊ ပြိုင်ပွဲကို အရှုံးပေးစေခြင်း၊ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းတို့ ခံရနိူင်သည်။

“အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ကြာမြင့်ပြီးနောက် လတ်တလော တိုင်းပြည်နိုင်ငံကို ဆူပူအုံကြွအောင် ဖန်းတီးပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ သာမန်အရပ်သားတွေဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ဆဲဆိုခြိမ်းခြောက် အကြမ်းဖက်လုပ်ရပ်တွေကို သွေးထိုးလှုံဆော်နေတဲ့ လူတစုရဲ့နောက်ကွယ်က လက်မဲကြီးတွေရဲ့ လက်ချက်မှန်း သိလာတဲ့အခါ ဘယ်သူမှဓားစာခံ မလုပ်လိုတော့ဘူး။ မသိနားမလည်ချိန်အထိ သူတို့တွေ ဆင်းရဲဒုက္ခမျိုးစုံကို မျှော်လင့်ချက်တွေနဲ့ ဘဝတွေရင်းကြတယ်။ အငှါးဗိုက်နဲ့ ဓားထိုးခံကြတယ်။ စကားလုံးတွေနဲ့ ဝိုင်းဖြေသိမ့်ပြီးနောက်မှာ အစားထိုးမရတဲ့ဘဝတွေရဲ့ပေးဆပ်မှုက တန်ဖိုးကြီးတယ်။ စိတ်ခံစားမှုရဲ့ နောက်ကွယ်က ဂုဏ်သိက္ခာရှိတဲ့ လူမှုအသိုင်းအဝန်းမှာ အနောက်အုပ်စုရဲ့သွေးထိုးလှုံဆော်မှုကြောင့် မိသားစု ဆွေမျိုးအသိုင်းအဝန်းတွေကြား သားတကွဲ၊ မယားတကွဲဖြစ်သူတွေ၊ မိသားစုတွေရှင်ကွဲ၊ သေကွဲဖြစ်ရသူတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် မရှိတော့တဲ့သူတွေ၊ အခွင့်အရေး မျှော်လင့်နေတဲ့သူအချို့က ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားတွေကို မစဉ်းစား၊ မဆင်ခြင်၊ မသုံးသပ်ပဲ အကြွင်းမဲ့ယုံကြည်မှုတွေကို မည်သူမပြု မိမိမှုဆိုသလို နောက်ကွယ်ကလက်မဲကြီးကြောင့် တမြေတည်းနေ တရေတည်းသောက်သူ အချင်းချင်း အသက်ပေးခဲ့ရသူများနှင့် လူမှုဘဝပျက်ခဲ့ရသူတွေ ဆက်လက် မတိုးပွားလာဖို့ မီးဘေးရှောင်၊ မလောင်ခင်တား ဆိုသလို လူတိုင်းမှာတာဝန်ရှိပါတယ်” ဟု မြန်မာ့အရေး သုံးသပ်သူများက ဆိုသည်။

“ကိုယ်နဲ့မတူတဲ့ ပါတီက လူတွေကိုလည်း ရန်ဘက်လို မဆက်ဆံပါနဲ့။ သူတို့ဘာပဲ မဟုတ်တာလုပ်လုပ် ကိုယ့်ဘက်မမှားဖို့လိုတယ်။ ကိုယ့်ဘက်က မှားပြီဆိုရင်တော့ ကိုယ်ပဲဆိုင်တယ်။ ကျွန်မအမြဲတမ်းပြောတယ်။ သူတို့လုပ်တာ သူတို့နဲ့ပဲဆိုင်တယ်။ ဒါပေမဲ့ အဲ့ဒီလိုပြောသလိုလုပ်တိုင်းမှန်ရမယ်လို့တော့ ပြောတာမဟုတ်ဘူး။ ကိုယ်လုပ်တာကိုယ်နဲ့ပိုပြီးဆိုင်တယ်” ဟု ဒေါ်ဆောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကသူမ၏ ၇၂ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

State ဆိုတဲ့အင်္ဂလိပ်စကားကို မြန်မာဘာသာနှင့် နိုင်ငံတော်လို့ အဓီပ္ပာယ်သတ်မှတ်ထားသည်။ နိုင်ငံတစ်နိုင်ငံ၏ အရေးကြီး အင်္ဂါရပ်များထဲတွင် နိုင်ငံသားဖြစ်မှု၊ နိုင်ငံရဲ့လူဦးရေ၊ နိုင်ငံရဲ့တည်နေရာ အကျယ်အဝန်း နယ်နိမိတ်တို့ပါဝင်ကြသည်။ နိုင်ငံတိုင်းတွင် အချုပ်အချာအာဏာရှိသည်။ အချုပ်အခြာ အာဏာ ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း မှီတင်းနေထိုင်ကြသူများ အားလုံးကို ပြည်ပစွက်ဖက်မှုကင်းစွာ လွှမ်းမိုးချုပ်ကိုင်ခွင့် ရှိသည်။ အချုပ်အခြာအာဏာကို နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ်မှ သုံးစွဲခွင့်ရှိသည်။ ထိုအဖွဲ့အစည်းကို နိုင်ငံရေးဝေါဟာရအားဖြင့် state သို့မဟုတ် နိုင်ငံတော်ဟု သတ်မှတ်ခေါ်ဆိုကြောင်း မှတ်သားမိသည်။

“နိုင်ငံတော်အာဏာကို ယူထားပြီးအချို့က အာဏာကို အလွဲအသုံးပြုပြီး တိုင်းသူပြည်သားတွေကို နှိပ်စက်နိူင်တယ်။ တိုင်းပြည်နိုင်ငံတော် အာဏာကို ရယူထားတဲ့ အဖွဲ့အစည်းက စွမ်းရည်မပြည့်ဝရင် ပြည်သူတွေက စီမံခန့်ခွဲမှုလွဲမှားခြင်းရဲ့ ဒဏ်တွေကို ခံစားရတက်တယ်။ ဒါပေမယ့် တိုင်းပြည်နိုင်ငံတော်ဆိုတဲ့ အဖွဲ့အစည်း တည်ရှိနေတာကြောင့် လူသားတွေ အချင်းချင်း ကူလူးဆက်ဆံကြရာမှာ လုံခြုံမှုနဲ့ တည်ငြိမ် အေးချမ်းမှုရရှိခြင်း၊ လူသားအချင်းချင်း အနိုင်အထက်ပြုမှုနဲ့ အဓမ္မပြုမှုများကို တားဆီးနိုင်ခြင်း၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကို လုပ်ဆောင်ပေးနိုင်ခြင်း၊ ပြည်ပရန်မှ အကာအကွယ်ပေးနိုင်ခြင်းနဲ့ တိုင်းသူပြည်သား တွေရဲ့ သာယာဝပြောမှုကို ဖော်ဆောင်ပေးခြင်း စတဲ့ကောင်းကျိုးတွေကိုလည်း ရရှိနိူင်တယ်လို့ ပညာရှင်တွေက ပြောကြတယ်။

“ဒါကြောင့် မည်သည့်တိုင်းပြည်နိုင်ငံမဆို “နိုင်ငံတော်´´ဆိုတဲ့အဖွဲ့အစည်းကို လုံးဝပယ်ဖျက်ပစ်တာမျိုး မလုပ်ပဲ နိုင်ငံတော်အာဏာ ကျင့်သုံးမှုအပေါ်မှာသာ တိကျတဲ့ စည်းဘောင်တွေကို ကန့်သတ်ထားပြီး နိုင်ငံတော်အာဏာကို အလွဲမသုံးစေနိုင်အောင် စီစဉ်ထားတယ်´´ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက ဆိုသည်။

အာစီယံအသိုင်းအဝန်းနှင့် တရုတ် ဂျပန်တို့သည် မြန်မာ့ပြည်တွင်းအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး အဖြေရှာစေလိုသည့် သဘောထားဆန္ဒရှိသည်။ တဖန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးအတွက် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် နှစ်ပေါင်း များစွာ တိုင်းသူပြည်သားများမှ မျှော်လင့်ခဲ့ကြသည်။ ၁၉၉၄ ခုနှစ်ငြိမ်းချမ်းရေး ကာလအတွင်း တိုင်းသူပြည်သူများ၏ ဒေသတွင်း လူမှုအကျိုးစီးပွားဖြစ်ထွန်းလာမှုနှင့်အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်လာသည့် အခြေခံအဆောက်အဦး၊ လမ်းတံတားနှင့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများမှာ ငြိမ်းချမ်းရေး၏ အသီးအပွင့်များပင် ဖြစ်ချေသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် SAC ဥက္ကဌ၏ ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ချက်သည် နှစ်ပေါင်း ၇၀ အကျော်ကြာအောင်စောင့်နေကြသည့် ထာဝရငြိမ်းချမ်းရေးအတွက်တိုင်းသူပြည်သူများ၏ မျှော်လင့်ချက် အနာဂတ်ငြိမ်းချမ်းရေး၏အလင်းရောင် စကားသံများပင်ဖြစ်ချေသည်။ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း နိုင်ငံရေးအယူအဆ သဘောထားကွဲလွဲခဲ့ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရမည့်အစား လက်နက်ကိုင်ဖြေရှင်းခဲ့ကြသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနှင့် အတူ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပေသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅)နှစ်မြောက် မြန်မာနိုင်ငံ၏ စိန်ရတု လွတ်လပ်ရေး နေ့ထူးနေ့မြတ်ပင် ဖြစ်ချေသည်။ မြန်မာ့ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများကြောင့် တိုင်းသူပြည်သားများ၏ လူမှုဘဝနိမ့်ကျခဲ့ရလေသည်။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ လက်အောက်မှ မြန်မာနှင့်အတူလွတ်လပ်ရေး ရရှိခဲ့သည့်အခြားတိုင်းပြည်နိုင်ငံများမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ်ရောက်ရှိနေကြသည်မှာ အားလုံးအသိပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံနောက် နှစ်ပေါင်း ၅၀ အကျော် လူမှုစီးပွားရေးနောက်ကျခဲ့သည့် ဘင်္ဂလားဒေ့်ပင် LCD နိုင်ငံအဆင့်မှ လွတ်မြောက်လာခဲ့ပြီး ဘက်စုံစီးပွားရေး ခိုင်မာတောင့်တင်းသည့်နိုင်ငံ အဆင့်ရောက်ရှိလာခဲ့သည်။

“၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် SAC ဥက္ကဌ၏ အပြုသဘောဆောင်ပြီး ပွင့်လင်းမြင်သာသော ဖိတ်ခေါ်မှုသည် ငြိမ်းချမ်းစွာနေလိုသည့် တိုင်းသူပြည်သားအတွက် အလိုအပ်ဆုံးသော အရာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းတွင် ငြိမ်းချမ်းသာယာကြောင်း၊ အေးချမ်းစွာ နေလိုသည့် တိုင်းသူပြည်သား များမှလည်း ဝမ်းမြောက် ကြိုဆိုကြောင်း၊ အများပြောနေသည့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံအတွက် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆန္ဒသဘောထားအမှန်ကို မကြာမီအချိန်တွင် ပွင့်လင်းမြင်သာစွာ တွေ့မြင်ရမှာဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မတွေ့ဆုံ၊ မဆွေးနွေးတာနှင့်စာလျှင် ယခုတွေ့ဆုံဆွေးနွေးပွဲမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့နောက်ပိုင်းတွင် တိုင်းသူပြည်သားများအတွက် အဖြေတစ်ခု ထွက်ပေါ်လာနိူင်ကြောင်း၊ တိုင်းသူပြည်သားအားလုံး မျှော်လင့်စောင့်ဆိုင်းနေသည့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းပြည်နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်ဆွေးနွေးပေးဖို့ အားပေးတိုက်တွန်းလိုကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိူင်ရေးအတွက် အားပေးထောက်ခံကြိုဆိုဖို့ လိုအပ်ကြောင်း၊ ဆိုရှယ်မီဒီယာပေါ်မှ ခန့်မှန်းသုံးသပ်ချက်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်ကောင်းများ၏ ဆန္ဒသဘောထားအစစ်အမှန် မဖြစ်နိူင်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များသည် နေပြည်တော်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် SAC ဥက္ကဌမှဖိတ်ခေါ်ခြင်းဖြစ်နိူင်ကြောင်း´´ တိုင်းရင်းသားပေါင်းစုံနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသည့် တိုင်းသူပြည်သားများက သုံးသပ်ပြောဆို နေကြသည်။

အင်္ဂလိပ်နယ်ချဲ့ကိုလိုနီလက်သစ် နိုင်ငံရေးပရောဂျက် အမဲလိုက်သူများသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ညံ့ဖျင်းသော ခေါင်းဆောင်များနှင့် ပြည်သူများကို မက်လောက်စရာငွေကြေး၊ ဆုတံဆိပ်၊ ရာထူးအာဏာ အခွင့်အရေး အလုပ်အကိုင် ခံစားခွင့်စသည်တို့နှင့် မြူစွယ်၍ လည်းကောင်း၊ ဆိုရှယ်မီဒီယာများမှတဆင့် သူတို့ပုံဖေါ်လိုရာ ဝါဒမှိုင်းအမျိုးမျိုး ဖြန့်ချီတတ်ကြသည်။ ထိုအပြင် နိုင်ငံအများအုပ်စုဖွဲ့၍ မဲခွဲဆုံးဖြတ်ကာ အရေးယူ နိူင်စားတတ်သည့်အပြင် စစ်ရေး၊ စီးပွားရေး မဟာဗျူဟာအရ ဝင်ရောက်ချယ်လှယ်လိုသည့် နိုင်ငံအတွင်းသို့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ မွေးမြူခြင်း၊ တိုင်းသူပြည်သားနှင့် အစိုးရအပေါ် ရန်တိုက်ပေးခြင်း၊ စဉ်းစားတွေးခေါ်မှု အားနည်းသူများအား စကားပရိယာယ်အမျိုးမျိုးဖြင့် ထိန်းမရအောင် သွေးခွဲသပ်လျှိုခြင်း စသည့်နည်းပေါင်းစုံနှင့် အမျိုးမျိုးသွေးထိုးလှုံဆော် တတ်ကြသည်။ အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝဖြင့် မနေလိုသည့် မြန်မာတိုင်းရင်းသားများကို မဖြစ်မနေ လွတ်လပ်ရေးပေးစဉ်အခါကပင် တောင်တန်းဒေသနှင့် ပြည်မကိုသွေးခွဲခဲ့ကြသည်။ မြန်မာ တိုင်းရင်းသား များ၏ ခိုင်မြဲသည့်ပြည်ထောင်စုစိတ်ဓါတ်ကို တွေ့မြင်ရသော်အခါတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးမဟာဗျူဟာကျရောက်မည့် အချိန်ကိုစောင့်ဆိုင်းနေခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို (စနစ်တကျဖွဲ့စည်းထားသည့် တိုင်းပြည်နိုင်ငံကာကွယ်ရေး တပ်မတော်) မှလွဲ၍ လက်နက်ကို စနစ်တကျ မထိန်းသိမ်းမကိုင်တွယ်တတ်လျှင် တိုင်းသူပြည်သားများအပေါ် အာဏာရှင်များ (သို့မဟုတ်) စေတလုံးပိုင်ရှင်များ (သို့မဟုတ်) အကြမ်းဖက်အဖွဲ့များ (သို့မဟုတ်) လက်နက်ကိုင်ဓါးပြအဖွဲ့ များ ဖြစ်သွားတတ်ပေသည်။ ယနေ့ အာဏာရှင်စကားလုံးသုံး၍ တော်လှန်ရေးအမည်ခံအဖွဲ့များသည် လက်နက် မရမီနှင့် ရပြီးနောက်အပြောနှင့်အလုပ်မညီညွတ်မှု မင်းမဲ့စရိုက်အာဏာရှင်ဆန်မှုများကြောင့် တိုင်းသူပြည်သား အားလုံးမှ ရွံ့ကြောက်နေရပေသည်။ အနောက်အုပ်စု၏ အောင်မြင်ခဲ့သော ခေတ်သစ်သတ်လျှို လက်ကိုင်တုတ်မှာ အာဏာရှင် စကားလုံးပင်ဖြစ်သည်။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ ဂျော်ဒန်စသည့် နိုင်ငံများပြိုကွဲစေရန် အာဏာရှင် စကားလုံးဖြင့် သပ်လျှိုခဲ့သည်။ အဆိုပါနိုင်ငံသားများ၏ဘဝသည် ယနေ့တိုင် ပြာပုံဘဝမှ မထိုးထွက်နိူင်ပဲ အချင်းချင်းအုပ်စုဖွဲ့ တိုက်ခိုက်နေဆဲပင် ဖြစ်ချေသည်။ ဤကား အနောက်အုပ်စု၏ လက်ချက်ပင်ဖြစ်လေသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ်တွင် ဖခင်ရာထူးအာဏာ အလွဲသုံးစားပြုသူနှင့် စက်မှု့ကျောင်းသားတစ်စုတို့ လ္ဘက်ရည်ဆိုင် သီချင်းဖွင့်ရန်ဖြစ်ရာမှ စတင်ကာ အချိန်မီ မထိန်းသိမ်းနိူင်၍ ပြည်ပလက်ဝေခံ နိုင်ငံရေးပရောဂျက်အမဲလိုက်သူများ၏ ဒီမိုကရေစီနှင့် အာဏာရှင်စကားလုံးများသုံး၍ သွေးထိုးလှုံဆော်မှုများကြောင့် ဆူပူမှုများဖြစ်ကာ တိုင်းသူပြည်သားများ ဒုက္ခမျိုးစုံကြုံတွေ့ရလေသည်။ အတွေးအခေါ် ကျဉ်းမြောင်းသည့် လူတစုသည် ယနေ့အချိန်ထိ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို လက်မခံပဲ အာဏာရှင်စကားလုံးကိုအလွတ်ကျက်၍ အနောက်အုပ်စု၏ဝါဒမှိုင်းထဲမှ ရုန်းမထွက် နိူင်သည်ကို ပြည်သူအများ သိမြင်နိူင်သည်။

နိဂုံးချုပ်အနေဖြင့် ဖေါ်ပြပါအချက်များသည် မြန်မာနိုင်ငံတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်ဟု ဆိုလာလျှင် လက်ခံရမည်သာဖြစ်သည်။ အမြင်ကျဉ်းမြောင်းသူတို့၏ ဗီဇအတိုင်း မိမိ၏ညံ့ဖျင်းမှုကို ဖုံးကွယ်၍ သူတစ်ပါးအပေါ် အပြစ်ဖို့တတ်သော အကျင့်ဆိုးများကို ဖယ်ရှားသင့်ပေသည်။ အိုင်တီနည်းပညာခေတ်ထဲတွင် အခြေခံအသိပညာနှင့် မလုံလောက်ပေ။ မည်သည့်အလုပ်ပင် မဆိုကျွမ်းကျင်မှုစကေးမရှိလျှင် အလုပ်မဖြစ် နိူင်ချေ။ ယနေ့မြန်မာနိုင်ငံတွင် အများစုမှာ စကားပြောဆိုရာမှအစ သက်မွေးပညာရပ်များအဆုံး လက်တွေ့ အလုပ်ခွင်များတွင် လက်တွေ့ကျွမ်းကျင်သူရှားပါးသည့် ပြဿနာများနှင့်အဓီက ရင်ဆိုင်နေရသည်။ အဘယ်ကြောင့်ဆိုသော် သင်ယူမှုအပေါ် ကြိုးစားအားထုတ်မှုနည်းခြင်း၊ ဆုံးခန်းတိုင်အောင်မသင်ယူခြင်း၊ ဆက်လက်ကြိုးစားအားထုတ်မှုမရှိခြင်း၊ ပျင်းရိတတ်ခြင်း၊ ပြင်ပစာပေ ဗဟုသုတနည်းပါးခြင်း၊ မိမိသင်ယူတတ်မြောက်မှု ပညာရပ်အပေါ် တန်းဖိုးမထားတတ်ခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း၊ သူတစ်ပါး အပေါ် မလေးစားတတ်ခြင်း၊ စိတ်ကူးယဉ်ဆန်မှုများခြင်း၊ လက်တွေ့မလုပ်ဆောင်နိူင်ခြင်း၊ စဉ်းစား တွေးခေါ်မှုအားနည်းခြင်း၊ သူတစ်ပါးအပေါ်အားကိုမှုများခြင်း၊ အယုံအကြည်လွန်ခြင်း၊ ပညာအရည်အချင်း နည်းပါးခြင်းတို့ကြောင့် တိုင်းတစ်ပါးသားနှင့်ယှဉ်လျှင် အရာရာနိမ့်ကျနေသည်ကိုတွေ့မြင်ရနိူင်သည်။ ထိုအခြေအနေတွင် ဖြစ်ချင်တာ၊ ဖြစ်နေတာနှင့် ဖြစ်သင့်တာတို့ကို မစဉ်းစား မတွေးခေါ်ပဲ ခံစားမှုကိုရှေ့တန်းတင်၍ ဦးစားပေးမိသောအခါတွင် ဆုံးရှုံးမှုတန်ဖိုးကြီးမားသည့်အပြင် လက်မခံလိုသည့် ဘဝသင်ခန်းစာများလည်း ရရှိတတ်ပေသည်။ အချို့အရှက်ရစေရုံသာမက ကံကောင်း၍ အသက်မသေသော်လည်း ဘဝသေဆုံးခဲ့ရပေသည်။

အိမ်စောင့်အစိုးရဝန်ကြီးချုပ် အဖြစ်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မြန်မာနိုင်ငံသားများအပေါ် ကောင်းမွန်သည့်စေတနာနှင့် တိုင်းသူပြည်သား အားလုံးရယူချင်သည့်အရာ အလိုချင်ဆုံးနှင့် အခက်ခဲဆုံး အရာဖြစ်သည့် ငြိမ်းချမ်းရေး၊ နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပြဿနာများ အဆုံးသတ်နိူင်စေရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လက်တွေ့အကောင်အထည် ဖေါ်ဆောင်မည့်သူများအတွက်၊ လက်တွေ့ ဖေါ်ဆောင် နိူင်ရန် အသက်အရွယ်၊ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ ရာထူးအဆင့်အတန်းမခွဲခြားပဲ ဆုံးဖြတ်ချက် ပေးနိူင်မည့်သူ အချင်းချင်း၊ အနာဂတ်တိုင်းပြည်နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် မျိုးဆက်သစ် လူငယ်များဘဝ ယခုထက် ပိုမိုကောင်းမွန်လာစေရေးအတွက်၂၀၂၂ ခုနှစ် မတ်လတွင်တစ်ကြိမ်၊ ဧပြီလတွင် ဒုတိယအကြိမ်အဖြစ် SAC ဥက္ကဌကိုယ်တိုင်လက်ခံဆွေးနွေးမည်ဖြစ်ပြီး ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေး နိူင်ကြောင်း၊ ၎င်းကိုယ်တိုင် နိုင်ငံပိုင်ရုပ်သံပေါ်မှ တရားဝင်ပြောကြားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို မေလ ၉ ရက်နေ့နောက်ဆုံးထား၍ လာရောက် စာရင်းပေးသွင်းနိူင်ကြောင်း ဖိတ်ခေါ်ပြောကြားခဲ့သည်။

အဆိုပါအခွင့်အရေးသည် (၁၃၅)မျိုးသော တိုင်းသူပြည်သားများ၏ သားစဉ်မြေးဆက် တန်ဖိုးဖြတ်မရသည့် ငြိမ်းချမ်းရေးအကျိုးခံစားခွင့်များ ရရှိတော့မည်ဖြစ်ပေသည်။ မြန်မာ့လွတ်လပ်ရေးရရှိချိန်မှ အစပြု၍ ယနေ့ အချိန်အထိ သက်ရှိထင်ရှားရှိနေသူများမှာ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများ၊ အကျိုးဆက်ဝဋ်ဒုက္ခ အမျိုးမျိုးကို လက်မခံချင်သော်လည်း ခံစားခဲ့ရပြီးဖြစ်လေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းထဲတွင် လွတ်လပ်ရေး၏ အရသာကို အပြည့်အဝခံစားနိူင်ရေးအတွက် အခွင့်သာခိုက်မှ မလိုက်ချင်လျှင် တိုင်းသူပြည်သားအားလုံးမှ ဆွဲခေါ်ရမည်ဟု ဆိုရမည်ပင်ဖြစ်ချေသည်။ (ကျန်ရှိနေသည့် အကြောင်းအရာများကို နောက် ဆောင်းပါးတွင် ဖေါ်ပြမည်)

ကိုးကား – အသိ/အတတ်ပညာရှင်များ၊ သာမန်အရပ်သားများနှင့် ပြည်တွင်း/ပြည်ပ သတင်းများ

တင်ပြသူ – မိုးမြင့်မောင်

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။