Trending Now

မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းသာယာ ရေကူးကန်ကြီးတွင် အခြေခံ ရေကူးသင်တန်း ဖွင့်လှစ်မည်

Spread the love

မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းသာယာ ရေကူးကန်ကြီးတွင် အခြေခံ ရေကူးသင်တန်း ဖွင့်လှစ်မည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေကူးကန်ကြီးတစ်ခုဖြစ်သည့် ငြိမ်းချမ်းသာယာရေကူးကန်တွင် ယခု ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ကာ အခြေခံ ရေကူးနည်းသင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မှ သိရသည်။

အဆိုပါ သင်တန်းကို ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ကာ တစ်လကြာ သင်ကြားသွားမှာဖြစ်ပြီး ဇန်နဝါရီလ (၃၁)ရက်နေ့မှ စတင်ကာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း၊ သင်တန်းကာလ ပြီးဆုံးပါကလည်း ပြိုင်ပွဲများ ပြုလုပ်ပေးသွားရန် စီစဉ်လျှက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက ကတော့ ရေကူးကန် မိတ်ဆက်တဲ့အနေနဲ့ သင်တန်းလေးကိုဘဖွင့်လှစ်တာဖြစ်တယ်၊ နောက်ပြီး ရေကူးအားကစားဘက်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သင်တန်းသားတွေ မွေးထုတ်ပြီး၊ ထူးချွန်တဲ့ အားကစားသမားတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်၊ နောက်တစ်ခု ကျောင်းသားအားကစားပွဲတွေမှာလဲ ရေကူးအားကစားတွေ ထည့်သွင်းလာတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ရေကူးအားကစားကို လူတိုင်း သိရှိဖို့အတွက် ရည်ရွယ်ပြီး သင်တန်းလေးကိုဖွင့်လှစ်တာဖြစ်တယ်” ဟု ၎င်းက ပြောပြသည်။
အဆိုပါ သင်တန်းကို ဝင်ကြေးအဖြစ် တစ်ဦးလျှင် (၅၀၀၀) ကျပ်ပေး ဆောင်ရမည်ဖြစ်ကာ ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ကာ တစ်ပတ်လျှင် (၅)ရက်၊ တစ်လကြာသင်ကြားသွားမည်ဟု သိရသည်။

နိုင်ငံတကာအဆင့်မှီရေကူးကန်ကြီး တည်ရှိလာပြီ ဖြစ်သည့်အတွက် ကချင်ပြည်နယ်၏ ရေကူးအားကစား အဆင့်အတန်းမြင့်လာနိုင်ကြောင်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ခြင်းအားဖြင့် လူငယ် အားကစားသမားသစ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေကူးအားကစားသမားတစ်ဦးက ပြောကြားခဲ့သည်။

“အခုဆိုရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေကူးကန်တွေထဲက တစ်ခုဖြစ်တဲ့ မြစ်ကြီးနားက ငြိမ်းချမ်းသာယာ ရေကူးကန်ကြီးလဲရှိလာပြီ၊ ဒီတော့ ကချင်ပြည်နယ်ရဲ့ ရေကူးအားကစား အဆင့်အတန်းလဲ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်တယ်၊ အခုလို သင်တန်းတွေကို ကွင်းကြီးမှာ လက်တွေ့သင်ကြားပေးတာကြောင့် မျိုးဆက်သစ်တွေအတွက် အလားအလာ ကောင်းနိုင်တယ်၊ အခုလို သင်တန်းတွေကပဲ မျိုးဆက်သစ်တွေကို မွေးထုတ်နိုင်တာကြောင့် သင်တန်းတွေကို စဉ်ဆက်မပြတ်ပြုလုပ်ပေးပါရန် တောင်းဆိုချင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စာရင်းပေးသွင်းထားသည့် သင်တန်းသား (၅၀)ကျော်ရှိကာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း စသဖြင့် အတန်းခွဲများဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။