Trending Now

ရွှေပြည်သာမြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ကား (၂)စီး ပျက်စီးဆုံးရှုံး

Spread the love

ရွှေပြည်သာမြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ကား (၂)စီး ပျက်စီးဆုံးရှုံး

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ (၂၀၂၄)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ကား (၂)စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်း ၅ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၆)ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်တွင် ကား (၂)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ် မီးသတ်စခန်း၊ လှော်ကားနယ်မြေ မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

” မီးလောင်သွားတဲ့ ကား (၂)စီးက ကားဘော်ဒီဆေးမှုတ်နေတဲ့ ကားတွေလို့ သိရပါတယ်။ အဲဒီနေရာနားမှာ တခြားကားတွေလည်း ရှိတယ်။ အဲဒီကားတွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိအောင်လုပ်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ကား (၂)စီး မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၁၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် နံနက် ၁၀ နာရီ ၅၆ မိနစ်ခန့်ကလည်း မှော်ဘီမြို့နယ်၊ သာယာကုန်းကျေးရွာ၊ အမှတ် (၄)လမ်းအနီးရှိ အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွား၍ မှော်ဘီမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။