Trending Now

တစ်ရက်အတွင်း ပဲခူး-မော်လမြိုင်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့၌ မိုင်းပေါက်ကွဲမှုများ ဖြစ်ပွား

Spread the love

တစ်ရက်အတွင်း ပဲခူး-မော်လမြိုင်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့၌ မိုင်းပေါက်ကွဲမှုများ ဖြစ်ပွား

EPN
နေပြည်တော်၊ ဧပြီ-၁၁ (၂၀၂၄)

ပဲခူး-မော်လမြိုင်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့၌ ယမန်နေ့ (ဧပြီ ၁၀ ရက်နေ့) တစ်ရက်အတွင်း မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားကာ ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယမန်နေ့၊ နံနက် ၇ နာရီ ၅ မိနစ်ခန့်က အမှတ် (၆၈၆)အစုန်ကျောက်ရထားသည် ပဲခူး-မော်လမြိုင် လမ်းပိုင်းအတိုင်း သဲဖြူးကုန်းဘက်မှ ကလိဘက်သို့ ထွက်ခွာလာစဥ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၂၅/၉ နှင့် ၁၂၅/၁၀ ကြားအရောက် လက်နက်ကိုင်အဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်း၊ စက်ခေါင်းရှေ့ မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်းနားနေတွဲနှင့် ကျောက်တွဲ (၂)တွဲ လမ်းချော်ကျသွားခဲ့ပြီး၊ မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်ဘူတာကြီးမှ ခရီးသည် (၇၄၁)ဦးအားတင်ဆောင်လာသည့် အမှတ်(၈၁) အဆန်လူစီးရထားသည် ကျိုက်ထိုဘူတာ၌ ယာယီရပ်တန့်ခဲ့ရကာ ခရီးသည်များအား ကားများဖြင့် သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ရကာ သထုံဘူတာတွင်ရောက်ရှိနေသည့် အမှတ် (၈၂)အစုန်ရထားပေါ်မှ ခရီးသည် (၂၉၈) ဦးကိုလည်း ကားများဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား မြန်မာ့မီးရထားမှဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်စစ်ဆေး၍ နယ်မြေရှင်းလင်းရေးနှင့် ချော်ကျနေသော စက်ခေါင်းနှင့်တွဲများအား မတင်၍ ရထားလမ်းပိုင်းပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်ကလည်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာကြားရှိ စီမံကိန်းလုပ်ဆောင်နေသည့် ရထားပြေးဆွဲမှုမရှိသော အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ လုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိသူများက ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း (၅၃)ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။