Trending Now

မလိယန် ရေလှောင်တမံ အနီးပျက်စီးနေသော လျှပ်စစ်ကြိုးများ မပြုပြင်နိုင်သေးသည့်အတွက် အလှည့်ကျ စနစ်ဖြင့်သာ ဆက်လက်ဖြန့်ဖြူးပေးမည်

Spread the love

မလိယန် ရေလှောင်တမံ အနီးပျက်စီးနေသော လျှပ်စစ်ကြိုးများ မပြုပြင်နိုင်သေးသည့်အတွက် အလှည့်ကျ စနစ်ဖြင့်သာ ဆက်လက်ဖြန့်ဖြူးပေးမည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃)

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့အား ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မလိယန် ရေလှောင်တမံ အနီး ပျက်စီးနေသည့် လျှပ်စစ်ကြိုးများ ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် အလှည့်ကျ စနစ်ဖြင့်သာ ဆက်လက်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ သိရသည်။

ဩဂုတ်လ (၂) ရက်နေ့က မလိယန် ရေလှောင်တမံ အနီးအရှိ ဓါတ်အားလိုင်း KV ကြိုးများ ပြတ်တောက် သွားခဲ့သည့် အတွက် မြို့ပေါ်ရပ်ကွက်တို့တွင် နိုင်ငံတော်ဓါတ်ဖြန့်ဖြူးရေး စနစ်ဖြင့် အလှည့်ကျ ခွဲတမ်းဖြင့်သာ ပေး‌ဝေဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။

” မလိယန် ရေလှောင်တမံ ဘက်မှာ ပျက်နေတဲ့ ဓါတ်အားကြိုးတွေကို အခုချိန်ထိ ပြင်ခွင့် မရသေးပါဘူး။ အဲ့ဒါကြောင့် နိုင်ငံတော် ဓါတ်အားလိုင်းနဲ့ ပြည်သူတွေကို နာရီခြား အလှည့်ကျ မီးဖြန့်ဝေမှုနဲ့ပဲ သွားနေရဦးမှာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြတ်တောက်နေသည့် ဓါတ်အားကြိုးများကို သွားရောက်ပြုပြင်နိုင်ပါက ရက်ပိုင်းအတွင်းဖြင့် ကောင်းမွန်အောင် ပြန်လည် ပြုပြင် သော်လည်း တိုက်ပွဲ အခြေအနများကြောင့် သွားရောက် ပြုပြင်ရန် ခက်ခဲမှုရှိနေသည့်အတွက် နိုင်ငံတာ်ဓါတ်အားလိုင်း စနစ်ဖြင့် မြစ်ကြီးနားမြို့ပေါ်နှင့် ဝိုင်းမော်မြို့ပေါ်ရှိ ရပ်ကွက်တို့အား နာရီပိုင်း အလှည့်ကျသာ လျှပ်စစ်မီးဖြန့်ဖြူးနေရဦးမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမာ်မြို့တို့တွင် လျှပ်စစ်မီးအား အလှည့်ကျ စနစ်ဖြင့် ဖြန့်ဝေမှု အပိုင်းတွင် အချို့ရပ်ကွက်တို့တွင် အလှည့်ကျ လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းနှင့် မီးအားပြည့်မီခြင်း မရှိသည့် ပြဿနာများ နေ့စဉ်ကြုံတွေ့နေရကြောင်း ‌မြစ်ကြီးနားမြို့ခံများ ပြောကြားချက်အရ သိရသည်။

“အလှည့်ကျဆိုလဲ အလှည့်ကျပေါ့ အချိန်မှန်မှန်နဲ့ နာရီ အပြည့်ပေးစေချင်တယ်၊ အခုဟာက လာတဲ့အချိန် နောက်ကျတယ်၊ ပိတ်တဲ့အချိန်တော့ မှန်တယ်၊ ဒီကြားထဲ အလှည့်ကျ ရတဲ့အချိန်လေးထဲမှာ ခဏခဏ လျှပ်စစ်မီး ပျက်နေတော့ အဆင်မပြေဘူး၊ ဆန်ဈေးက ကြီးရတဲ့အထဲ ထမင်းအိုး တည်ရင်း တန်းလန်းနဲ့ မီးပျက်သွားတော့ ထမင်းအိုး ပျက်သွားတာ မကြာခဏ ကြုံရတယ်၊ မီးက ခဏခဏ လာလိုက် ပျက်လိုက်ဆိုတော့ လျှပ်စစ်မီးသီးနဲ့ လျှပ်စစ်ပစ္စည်းတွေလဲ ပျက်စီးမှု ကြုံရတယ်၊ ညဘက်ဆိုလဲ မီးပျက်တော့ သူခိုးတွေ ရန်လဲ ကြောက်ရတယ်၊ အဆင်ကို မပြေဘူးရှင်”ဟု မြို့ပေါ် အိမ်ရှင်မ အချို့က ဆိုသည်။

ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ၏ ခွဲရုံများတွင် လျှပ်စစ်ဗို့အား ကျဆင်းမှုများ ဖြစ်ပေါ်ခြင်း များရှိနေ၍ လျှပ်စစ်မီး အားနည်းသည့် ပြဿနာများ အချို့ ရပ်ကွက်တို့တွင် ဖြစ်ပေါ် နိုင်ကြောင်း ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီ ထည့်သွင်းပြောသည်။

မလိယန် ရေလှောင်တမံ အနီးရှိ လျှပ်စစ် KV ကြိုးများ ပျက်စီးခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တို့နှင့် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်တို့အားဩဂုတ်လ (၂) ရက်နေ့က စ၍ နိုင်ငံတော်ဓါတ်အား စနစ်ဖြင့်သာ နာရီပိုင်း အလှည့်ကျ စနစ်ဖြင့် လေးနာရီခြား အလှည့်ကျ ပေးဝေ ဖြန့်ဖြူး နေရကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။