Trending Now

စီတာပူ ယာယီပျံကျဈေးကို ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်မှုရှိနေ

Spread the love

စီတာပူ ယာယီပျံကျဈေးကို ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်မှုရှိနေ

 

EPN
မြစ်ကြီးနား၊ မေ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းဝင်းအနောက်ဘက်တွင် လက်ရှိရောင်းချနေသည့် ယာယီပျံကျဈေးကို ရပ်ကွက်နေ ပြည်သူအချို့က ကန့်ကွက်နေကြသည်။

ယင်းပျံကျဈေးကို မွန်းလွဲ(၁)နာရီနောက်ပိုင်းတွင် စတင်ရောင်းချလျက်ရှိပြီး လာရောက်ရောင်းကျသူများမှာ ဟိုပင်၊ ဝိုင်းမော်စသည့် ရပ်ဝေးမှ အများဆုံးဖြစ်ကြောင်းနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ အခြားရပ်ကွက်များမှလည်း လာရောက်ရောင်းချနေကြပြီး လူစုလူဝေးဖြစ်စေမှုနှင့် စနစ်တကျ ရောင်းချမှု မရှိသောကြောင့် ရပ်ကွက်နေပြည်သူအချို့က လက်ရှိကူးစက်ပြန့်ပွားနေသည့် ကပ်ရောဂါအခြေအနေအရ စိုးရိမ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦး ဖြစ်သည့် စီတာပူရပ်ကွက်နေ ဦးမောင်နိုင်ကဆိုသည်။

“ရပ်ဝေးက လူတွေ လာရောင်းကြတာ ရပ်ကွက်လူကြီးတွေကလည်း ကျွန်တော်တို့နှင့် မဆိုင်ဘူးလို့ ပြောနေတယ်။ အဲ့တော့ ကျွန်တော်တို့ ရပ်ကွက်က လူတွေအတွက် ဒီရောဂါအတွက်ကို ကာကွယ်ပေးဖို့ ဘယ်သူက လုပ်ပေးမှာလဲ။ ဒါကြောင့် ကန့်ကွက်တာလေ”ဟု ဦးမောင်နိုင်က ပြောသည်။

အဆိုပါ ပျံကျဈေးရောင်းချနေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူပေးမှု မရှိခြင်းနှင့် ဈေးလာရောက် ရောင်းချသူများကလည်း သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း ရောင်းချမှုမရှိသောကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦးဖြစ်သည့် ဒေါ်ငယ်ငယ်ထွေး က ပြောသည်။

“လူတွေက ကြိတ်ကြိတ်တိုးပဲ၊ ကားတစ်စီးရောက်လာပြီဆိုတာနဲ့ လူတွေက အုံနေတာ နှာခေါင်းစည်းလည်း မတပ်ကြဘူး။ ဈေးရောင်းမယ့် နေရာမဟုတ်တဲ့ နေရာမှာ စည်းစည်းကားကား ရောင်းနေကြတယ်။ ကျွန်မ တို့က စိုးရိမ်တယ်။ ထိထိရောက်ရောက်ကို အရေးယူ ပေးစေချင်တယ်။” ဟု ဒေါ်ငယ်ငယ်ထွေးက ပြောသည်။

ရပ်ကွက်နေ ပြည်သူများ ကန့်ကွက်နေသည့် နေရာမှာ ဈေးအဖြစ်သတ်မှတ်ထားသည့် နေရာ မဟုတ်ကြောင်းနှင့် လာရောက်မရောင်းချရန် တားမြစ်ခြင်းမှအပ အရေးယူမှုတစ်စုံတစ်ရာမရှိသေးကြောင်း စီတာပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်အောင် ကဆိုသည်။

“အဲ့ဒီနေရာက ဈေးနေရာမဟုတ်ဘူးလေ အဲ့ဒီ ပျံကျဈေးသည်တွေကို စည်ပင်နဲ့ ခဏခဏ သွားတားတယ်။ တားလို့မရလို့ ရဲတွေနဲ့တောင် ရှင်းရတယ်။ အဲ့ဒါလည်းတားလို့မရဘူး ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရပ်ကွက်နေ ပြည်သူတွေလည်း ရောဂါမစိုးရိမ်ရအောင် စည်းကမ်းရှိရှိနဲ့ စနစ်တကျ သတ်မတ်ပြီး ရောင်းခိုင်းဖို့တော့ စီစဉ်နေပါတယ်”ဟု ဦးဇော်အောင်က ပြောသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ဈေးများကို နံနက် (၅)နာရီမှ နေ့လယ် (၁၂)နာရီအထိသာ တရားဝင် ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။