Trending Now

ရှင်ဗွေယန်မြို့ရှိ လုပ်ငန်းရှင်များနှင့်ပြည်သူများ ပူးပေါင်းပြီး တဆိတ်ကျေးရွာ တံတားအား ပြုပြင်ဆောင်ရွက်

Spread the love

ရှင်ဗွေယန်မြို့ရှိ လုပ်ငန်းရှင်များနှင့်ပြည်သူများ ပူးပေါင်းပြီး တဆိတ်ကျေးရွာ တံတားအား ပြုပြင်ဆောင်ရွက်

EPN
ရှင်ဗွေယန်၊ အောက်တိုဘာ ၁၁ (၂၀၂၃)

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တဆိတ်ကျေးရွာ တံတားအား ရှင်ဗွေယန်မြို့ရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများ ပူးပေါင်းပြီး ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားမှာ ရှင်ဗွေယန်မြို့ဝင် တံတားတစ်စင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းတွင် ကြမ်းခင်းပျဉ်များ ဆွေးမြေ့ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ၎င်းအားပြုပြင်ဆောင်ရွက်ပေးရန် ရှင်ဗွေယန်မြို့ရှိ ထွေ/အုပ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ယူ ဦးစီးဦးဆောင်ကာ လုပ်ငန်းရှင်များ၊ ပြည်သူများ ပါဝင်လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း (၉၀) နီးပါးဖြင့် ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်ဗွေယန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တံတားကြမ်းခင်းပျဉ်တွေကပျက်စီးနေတာ ကြာပြီ၊ ကားသေးနဲ့ဆိုင်ကယ်တွေ တောင်သွားလာဖို့ခက်ခဲနေတော့ လုပ်ငန်းရှင်တွေဆီမှာ အလှူရှင်တွေ ရှာပေးတယ်။ ပြည်သူတွေကလည်း ပါဝင်ထည့်ပေးတယ်။ တံတားပြုပြင် ပေးဖို့ တစ်လလောက်အချိန်ယူစီစဉ်ပေးရတယ်။ လုပ်တာကတော့ မနေ့ကတစ်ရက်ထဲပဲ လုပ်လိုက်တယ်။ အပြီးအစီးပေါ့။ ရှင်ဗွေယန်က ပြည်သူတွေ ပူးပေါင်းပါဝင်ပေးလို့ တစ်ရက်ထဲ ပြီးသွားတာပါ။ လူပေါင်းကတော့ (၂၀၀) လောက်ကို လာရောက်ကူညီပေးကြတယ်။ အဲ့ဒီတံတား ပြင်တာ သိန်း (၉၀) လောက်တော့ ကုန်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တံတားသည် (၂၂၀) ပေ ခန့် ရှည် ရှိပြီး ဒေသခံပြည်သူများ အပါအဝင် ခရီးသည်များ နေ့စဉ် ဖြတ်သန်း သွားလာကြသော တံတားတစ်စီးဖြစ်ကြောင်း ယခုကဲ့သို့ ပြည်သူများ ပူးပေါင်း ပြုပြင် ဆောင်ရွက်ခဲ့သည့် အတွက် တစ်ရက်အတွင်း ပြီးစီးခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။