Trending Now

မုံရွာမှာ နေအိမ်ထဲ ထမင်းစားနေတဲ့သူကို အကြမ်းဖက်သမားတွေက ဝင်ရောက် ပစ်သတ်

Spread the love

မုံရွာမှာ နေအိမ်ထဲ ထမင်းစားနေတဲ့သူကို အကြမ်းဖက်သမားတွေက ဝင်ရောက် ပစ်သတ်

EPN
မုံရွာ ၊ နိုဝင်ဘာ ၊ ၁၈

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာနေတဲ့ ကိုအောင်ကြီး ဆိုသူဟာ မနေ့ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက နေအိမ်ထဲမှာ ထမင်းစားနေတဲ့အချိန် အကြမ်းဖက်သမားတွေက ဝင်ရောက် ပစ်သတ်သွားတဲ့ လူသတ်မှုဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ကည ၈ နာရီကျော်မှာ ကိုအောင်ကြီးက အိမ်ထဲမှာ ထမင်းစားနေတဲ့အချိန် အကြမ်းဖက်သမား လေးငါး ယောက်က သေနတ်နဲ့ ဝင်ရောက် ပစ်သတ်ပြီး ထွက်ပြေးသွားတာပါ ၊ ကိုအောင်ကြီး ဆိုသူက သာမန်ပြည်သူတယောက်ဖြစ်တယ် ၊ တခါတရံ လူမှုကူညီရေး ကားတွေ လိုက်မောင်းပေးတယ် ၊ အချိန်ပိုင်း ပရဟိတသမား တယောက်ဖြစ်တယ် ” လို့ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ကိုအောင်ကြီး ဆိုသူကို ပစ်သတ်သွားတယ်ဆိုတာ အကြောင်းကြားတာနဲ့ ရပ်ကွက်ထဲ ပိတ်ဆို့ရှာဖွေတဲ့အခါ ဆိုင်ကယ်စီးလာတဲ့ သူတယောက်တွေ့ရတယ် ၊ အဲ့ဒီလူက အောင်ဖြိုးပြည့် ခေါ် အောင်ဖြိုး ခေါ် အောင်ပြည့် ဆိုသူဖြစ်တယ် ၊ သူ့ကိုယ်ရှာဖွေ စစ်ဆေးတဲ့အခါ သူ့လွယ်ထားတဲ့ လွယ်အိတ်ထဲက AK 47 ကျည်အိမ် ၁ ခု ၊ ၇ ဒသမ ၆၂ ကျည်ဆံ ၂၄ တောင့် ၊ ၉ မမ ကျည်ဆံ ၄ တောင့် ၊နဲ့ ဖုန်း ၂ လုံးသိမ်းဆည်းရမိတယ် ၊ အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်မှုရှိ ၊ မရှိ စစ်ဆေးနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုကို မုံရွာနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခု လူသတ်မှုဖြစ်ပွားတယ်ဆိုတဲ့ နန္ဒဝန်ရပ်ကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ၃ လောင်းပြိုင် ပစ်သတ်ခံမှုဖြစ်စဥ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်း အဲ့ဒီ နန္ဒဝန်ရပ်ကွက်တခုထဲမှာ ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခံရတဲ့သူ လူ ၃၀ ကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။