Trending Now

ဆံပင်ညှပ်ဆိုင်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှုကြောင့် ပဲနွယ်ကုန်းစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်၊ နေအိမ်များနှင့် ရပ်/ကျေးရုံး ပျက်စီးဆုံးရှုံး

Spread the love

ဆံပင်ညှပ်ဆိုင်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှုကြောင့် ပဲနွယ်ကုန်းစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်၊ နေအိမ်များနှင့် ရပ်/ကျေးရုံး ပျက်စီးဆုံးရှုံး

EPN
ပဲခူး၊ ဧပြီ ၃ (၂၀၂၄)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ ပဲနွယ်ကုန်းစျေးတွင် ဆံပင်ညှပ်ဆိုင်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့မှု ယမန်နေ့ (ဧပြီ ၂ ရက်)၊ ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့၊ ည ၆ နာရီခွဲခန့်က ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ပဲနွယ်ကုန်းစျေးအတွင်း၌ ဖွင့်လှစ်ထားသည့် ဆံပင်ညှပ်ဆိုင်မှတဆင့် မီးလောင်ကျွမ်းကာ ဘေးဆိုင်ခန်းများကို ကူးစက်လောင်ကျွမ်းနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

” ပဲနွယ်ကုန်းစျေးထဲက ဆိုင်ခန်းအမှတ် (၅)မှာ ဖွင့်ထားတဲ့ ဆံပင်ညှပ်ဆိုင်ကနေ စလောင်တာ။ ဘေးဆိုင်ခန်းတွေကော၊ လူနေအိမ်တွေပါ မီးကူးပြီးလောင်ကျွမ်းတာ ဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ဝိုင်းငြှိမ်းခဲ့ရတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ စျေးထဲကဆိုင်ခန်း အကုန်လုံးနီးပါးပဲ နည်းနည်းပဲကျန်တယ် ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားခဲ့သော်လည်း ပဲနွယ်ကုန်းစျေးအတွင်းရှိ ဆိုင်ခန်း (၄၉၃)ခန်းအနက် ဆိုင်ခန်းပေါင်း (၄၃၅)ခန်း၊ နေအိမ် (၉)လုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (၁)ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှလည်း ဆံပင်ညှပ်ဆိုင်ပိုင်ရှင်အား အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။