Trending Now

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များ၊ နာမည်ကြီးအနုပညာရှင်များ၊ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေး အသင်းမှလည်း ပါဝင်ဆင်နွှဲမည်

Spread the love

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များ၊ နာမည်ကြီးအနုပညာရှင်များ၊ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေး အသင်းမှလည်း ပါဝင်ဆင်နွှဲမည်

EPN
နေပြည်တော်၊ မတ် ၃၀ (၂၀၂၄)

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များ၊ နာမည်ကြီး အနုပညာရှင်များ၊ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေး အသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၉ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုနှစ်သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံတော်က စီမံကျင်းပသည့် နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအားလုံး၊ ဝန်ထမ်းများအားလုံးနှင့် ပြည်သူလူထုစုပေါင်းပျော်ရွှင်စေရန် ရည်ရွယ်ချက်လည်းပါဝင်ကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ အနေအထားအရ ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စည်းလုံးမှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှု၊တစ်သားတည်းဖြစ်မှုကိုပြသသည့် အနှစ်သာရကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် နှစ်ခုလုံးတွင် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အနုပညာရှင်များကို ဖိတ်ကြားထားပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြုံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေ မှုပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် မြန်မာနိုင်ငံမှ လူငယ်အဆိုတော် မိုးအာကာဝင်းနှင့်တွဲဖက်၍ မြန်မာ – ရုရှားနှစ်ဘာသာ ပေါင်းစပ်ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားသည့် အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်း၊ Brilliant Aura Co.,Ltd မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။