Trending Now

ဟန်ရေးပြနေတာတွေ ရပ်ပြီး လက်တွေ့ အလုပ်လုပ်ကြပါ

Spread the love

 
 
 
ဟန်ရေးပြနေတာတွေ ရပ်ပြီး လက်တွေ့ အလုပ်လုပ်ကြပါ
EPN Article
ဆောင်းပါး၊ ဇန်နဝါရီလ ၂၃
ကျွန်တော်တို့ နိုင်ငံသားတိုင်းကတော့ မြန်မာပြည်ကြီးကို ကောင်းစေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ တည်ငြိမ်စေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ သဘာဝဘေးအန္တရာယ်အပေါင်း ကင်းဝေးစေချင်တယ်။ အဲဒီလိုဖြစ်ဖို့က စိတ်ကူးနဲ့ ပါးစပ်နဲ့ပဲ ပြောနေလို့ မရဘူး။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ လုပ်ရမယ့် အလုပ် တွေကို အလုပ်ဖြစ်အောင်၊ အလုပ်ပြီးမြောက်အောင် ထိထိရောက်ရောက်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဖတ်မှတ်ခဲ့ရသလိုပေါ့။ “ကျောက်တုံးကြီးတစ်တုံးကို တစ်နေကုန် တွန်းနေပေမယ့် အဲဒီကျောက်တုံး ကြီး ရွေ့မသွားရင် အလုပ်လုပ်တယ်လို့ မခေါ်ဘူး။ တစ်နာရီလောက်ပဲ တွန်းပေမယ့် ကျောက်တုံးကြီး ရွေ့ သွားရင် အလုပ်လုပ်တယ်၊ အလုပ်ပြီးမြောက်တယ်လို့ ခေါ်တယ်”တဲ့။ အဲဒီသဘောပါပဲ။ နိုင်ငံတော်အစိုးရပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ဖြစ်၊ လူတစ်ဦး၊ တစ်ယောက်ပဲ ဖြစ်ဖြစ် အလုပ်တစ်ခုလုပ်ပြီဆိုရင် အလုပ်ဖြစ် အောင်၊ အလုပ်ပြီးမြောက်အောင် လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အဲဒါမှသာ အဲဒီနိုင်ငံ၊ အဲဒီအဖွဲ့အစည်းဟာ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်ဘဲ ဟန်ရေးပြလုပ်နေရင်တော့ ကြည့်ပျော်ရှုပျော်၊ ဟန်ရေးပြ ဖွံ့ဖြိုးတိုးတက်မှုပဲ ရပါလိမ့်မယ်။
ဒီနေရာမှာ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ပါ အရေးကြီးပေမယ့် တိုင်းပြည်ကရော ပြည်သူ တွေကပါ သိပ်ပြီး သတိမထားကြတဲ့၊ သတိထားမိပေမယ့် အလေးအနက်မထားကြတဲ့ ကဏ္ဍအကြောင်း ပြောချင်ပါတယ်။ အဲဒီကဏ္ဍကို ခေတ်အဆက်ဆက် အစိုးရအဖွဲ့တွေက ဟန်ပြအနေနဲ့ပဲ ထားခဲ့ပြီး ဟန်ပြပဲ လုပ်ခဲ့ကြလို့ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်နေခဲ့ပါပြီ။ အဲဒီကဏ္ဍဆိုတာကတော့ တစ်ခြားမဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက တိုင်းပြည်နဲ့လူမျိုးအတွက် သိပ်အရေးကြီးပါတယ်။ ကမ္ဘာကြီးနဲ့အတူ ကမ္ဘာသူ ကမ္ဘာသားတွေ ကျန်းမာပျော်ရွှင်စွာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် သဘာဝပတ်ဝန်းကျင် ကောင်းနေဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင် ချို့ယွင်းပျက်စီးတာနဲ့ ကမ္ဘာကြီး နဲ့အတူ ကမ္ဘာသူကမ္ဘာသားတွေလည်း ချို့ယွင်းပျက်စီးရမှာ။ အဲဒါကို လူတော်တော်များများက သတိမထားမိ ကြဘူး။
အခုကြည့်လေ၊ ကမ္ဘာမှာရော မြန်မာမှာပါ မြစ် ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာတွေ၊ သစ်တော တွေ၊ တောင်တန်းတွေ၊ မြေထု၊ လေထုတွေဟာ အရှိန်အဟုန်နဲ့ ယိုယွင်းပျက်စီးနေပါပြီ။ အဲဒီလို ပျက်စီးနေတဲ့ အတွက် နောက်ဆက်တွဲ ဘေးန္တရာယ်တွေ ဖြစ်တဲ့ အပူချိန်ပြင်းထန်ခြင်း၊ မိုးခေါင် ရေရှားခြင်း၊ နေရာကွက် မိုး ကြီးပြီး ရေကြီးရေလျှံခြင်း၊ အချိန်အခါမဟုတ် မိုရွားသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်လာခဲ့ရတယ်။ အဲဒီလို သဘာဝဘေးတွေနဲ့ မကြာခဏ ကြုံတွေ့နေရရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေး ကြန့်ကြာစေမှာ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတော်အစိုးရတိုင်းက နားလည် သဘောပေါက်ဖို့ လိုပါ တယ်။ သတိကြီးကြီးလည်း ထားရပါလိ့်မယ်။
သဘာဝဘေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း သက်သေ ရှိပါတယ်။ အဲဒီဒေသမှာ လူတွေ သိန်းနဲ့ချီ သေဆုံးခဲ့ရသလို ကျန်ရစ်ခဲ့သူတွေမှာလည်း အိုးမဲ့အိမ်မဲ့ မိသားစုမဲ့ အနာဂတ်မဲ့ခဲ့ရတယ်။ အခုထိကို နာလန်မထူနိုင်ကြသေးပါဘူး။ အခုထိကို ဒဏ်ရာ မကျက်နိုင်ကြသေးပါဘူး။ (ဒါကို ကျွန်တော့် ဆောင်းပါးတွေမှာ မကြာခဏ ထည့်ရေးပြီးသားမို့ အသေးစိတ် မရေးတော့ပါဘူး။) ၂၀၁၉ ခုနှစ်ထဲမှာ ပြည်တွင်းမှာရော ပြည်ပမှာပါ ထိတ်လန့် တုန်လှုပ်သွားစေတဲ့ မွန်ပြည်နယ်ထဲက မလတ်တောင် ပြိုကျမှုကလည်း လူ အသေအပျောက်များတဲ့ ဖြစ်စဉ်ထဲမှာ ပါဝင်ခဲ့တယ်။ မျက်ရည်နဲ့ အသက် သွေးတွေ ရောနှော စီးဆင်းခဲ့တယ်။ ဒါတွေကို နမူနာယူ၊ သင်ခန်းစာယူပြီး နောက်တစ်ခါ ဒီလိုအဖြစ်မျိုးမကြုံရအောင်၊ ကြုံရရင်လည်း ဒီလောက် ထိခိုက်ပျက်စီး သေဆုံးမှုတွေ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရ ပါမယ်။
အဲဒီလို ဆောင်ရွက်ကြဖို့အတွက် မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းကတော့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်တော့မယ်ဆိုရင် ပထမဆုံး အနေနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ မပျက်စီးအောင် ဆောင်ရွက်ရပါမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်၊ ပျက်စီးစေတဲ့ လုပ်ငန်းတွေကို မလုပ်ဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ရပါမယ်။ တကယ်လို့ အဲဒီလုပ်ငန်းတွေကို တိုင်းပြည်နဲ့လူမျိုးအတွက် မဖြစ်မနေ လုပ်ရမယ်။ ဒါမှ မလုပ်ရင် တိုင်းပြည်နဲ့လူမျိုး ဆင်းရဲ တွင်းကနေ တက်ရမှာ မဟုတ်တော့ဘူး ဆိုရင်တောင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အသက်သာဆုံး ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။
နောက်ပြီး သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်နေတဲ့၊ ဖျက်ဆီးနေတဲ့ လုပ်ငန်းတွေကိုလည်း ပိတ်ပင် တားဆီးဖို့ လိုပါတယ်။ အဲဒီလုပ်ငန်းတွေက နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပြောပလောက်အောင် အထောက်အကူ မပြုပေမယ့် သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝတွေကိုတော့ များစွာ ထိခိုက်စေပါတယ်။ ဒါတွေကို စနစ်တကျစီစစ်ပြီး ပိတ်သိမ်းခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းတွေကို ထိထိရောက်ရောက် လုပ်ဆောင် သင့်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အစိုးရအဆက်ဆက် အဲဒါတွေကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ကြ တယ်။ နောက်ဆုံးတော့ အဂတိလိုက်စားမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဟာ ပျက်စီးလို့ ကောင်းခဲ့တာပေါ့။ အဲဒီ အမှားတွေကို လက်ရှိအစိုးရရော၊ မကြာခင်မှာ အသစ်တက်လာတော့မယ့် အစိုးရကပါ ဆက်လက် မကျူးလွန် မိဖို့ လိုပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်မယ်ဆိုရင် သစ်တော သစ်ပင် ထိန်း သိမ်းရေး၊ ပြုစုစောင့်ရှောက်ရေး၊ ပြည်လည်စိုက်ပျိုးရေး အစရှိတဲ့ လုပ်ငန်းတွေကို လက်တွေ့ကျကျ ထိထိမိမိ ဆောင်ရွက်ရမယ်။ သစ်တောပြုန်းတီးမှုတွေကို ဖြစ်ပေါ်စေတဲ့ သစ်ခိုးထုတ်လုပ်မှုတွေ၊ တရားဝင်ဖြစ်ပေမယ့် နိုင်ငံတော်ဘဏ္ဍာထဲရောက်မလာတဲ့ သစ်ထုတ်လုပ်မှုတွေ၊ တရားဝင် ဖြစ်ပေမယ့် တရားလွန် သစ်ထုတ်လုပ်မှု တွေ၊ စိုက်ပျိုးရေး အကြောင်းပြ သစ်တော အပြာင်ရှင်းမှုတွေ၊ ပုစွန်ကန် ငါးကန်တွေကြောင့် သစ်တောပြုန်းတီး မှု၊ လုပ်ငန်းတစ်ခုခုကို ဗန်းပြပြီး သစ်တောနဲ့ သစ်တောထွက်ပစ္စည်းတွေကို အပိုင်စီးမှုတွေကို စနစ်တကျ စစ်ဆေး အရေးယူသင့်ပါတယ်။
အချုပ်ပြောရရင်တော့ မြန်မာပြည်နဲ့ ပြည်သူ ပြည်သားတွေအတွက် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဟာ အလွန်အရေးကြီးပါတယ်။ ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ကြုံတွေ့ရ တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေ(မုန်တိုင်း၊ ရေကြီးရေလျှံ၊ မြေပြို၊ အပူလွန်ကဲ၊ မိုးခေါင်၊ ရေရှား)တွေကြောင့် လူတွေ သေကြေပျက်စီးပြီး နိုင်ငံတော် ဘဏ္ဍာငွေတွေလည်း ဆုံးရှုံးခဲ့ပြီးပြီ။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဒီထက်မကတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိနေပါတယ်။ ဒီကိစ္စကို လုံး၀ လျှော့ မတွက်စေချင်ပါဘူး။ သတိကြီးကြီးထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကောင်းဆုံး လုပ်ဆောင် သင့်သလို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ကြိုကြိုတင်တင်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်သင့်ပါတယ်။ ဒီတော့ နိုင်ငံတော်အစိုးရအပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟန်ရေးပြ လုပ်မနေတော့ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်ဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးကြပါလို့ ရေးသားလိုက်ရပါတယ်။
မင်းချစ်နိုင်
Photo Internet

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။