Trending Now

တနိုင်းဒေသရှိ ပြည်သူများ နေ့စဥ် အခက်အခဲများနှင့် ကြုံတွေ့နေရဟုဆို

Spread the love

တနိုင်းဒေသရှိ ပြည်သူများ နေ့စဥ် အခက်အခဲများနှင့် ကြုံတွေ့နေရဟုဆို

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်များရှိ ဒေသများတွင် ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ လမ်းပိုင်းသွားလာမှုများ ပိတ်ဆို့ထားခြင်းတို့ကြောင့် ပြည်သူများ တစ်နေ့ပြီးတစ်နေ့ အခက်အခဲများစွာ ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် ငွေတိုးနှင့် ချင်းတုံးဆန် တစ်အိတ်လျင် ၁၃၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်လျင် ၁၇၀၀၀၀ ကျပ်၊ ပဲဆီ ၁၀ ပိသာတစ်ပုံး ၁၇၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာဈေး ၂၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာဈေး ၂၅၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာဈေး ၂၅၀၀၀ ကျပ်၊ ကြက်ဥ အလုံး ၃၀ ပါ တစ်ကဒ် ၈၅၀၀ ကျပ်၊ ဘဲဥတစ်လုံးဈေး ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၇၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၄၀၀၀ ကျပ် အစရှိသည့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မိသားစု စားဝတ်နေရေးအတွက် အခက်ခဲများရှိနေကြောင်း ပြည်သူတစ်ဦးက ပြောသည်။

“ ဈေးတက်တာကတော့ မိုးပေါ်ရောက်နေပြီ။ ကုန်ဈေးနှုန်းကတက်၊ လမ်းတွေက ဆက်ပြီးပိတ်ဆိုတော့ ဈေးကတော့ ထပ်တက်ဖို့ပဲ ကျန်တော့တယ်။ ဈေးတက်တော့ ချွေတာပြီး ခါတိုင်းထမင်းသုံးနပ်စားရင် အခုနှစ်နပ်ပဲ စားရတော့တယ်။ ဒီထက်ဆက်တက်လာရင်တော့ တနေ့တနပ်စားရမဲ့ကိန်းပဲ ရှိလာမယ်။ ဈေးတက်တာထက် တစ်ချို့ပစ္စည်းတွေဆိုရင် မရှိတော့တာ။ အခုဆိုလည်း ဓာတ်ဆီတွေက ဈေးတက်ရင်တောင် ဝယ်မရဖြစ်နေပြီ ” ဟု ၎င်းကဆိုသည်။

လက်ရှိ ရှင်ဗွေယန်မြို့ဘက်သို့ သွားသည့် လမ်းပိုင်းများမှာ မိုးရွာသွန်းပြီး ပျက်စီးမှုများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့်အတွက် ကုန်ကားများ ဝင်၍မရခြင်းများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ စက်သုံးဆီစျေးများ မြင့်တက်လာခြင်းတို့ ဖြစ်လာရခြင်းကြောင့် ပြည်သူများ တစ်နေ့ပြီးတစ်နေ့ စားဝတ်နေရေး၊ သွားလာရေးများတွင် အခက်အခဲများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

အလားတူ တနိုင်းမြို့တွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ တနိုင်းချောင်းရေများ ရပ်ကွက်ထဲသို့ ဝင်ရောက်လာပြီး ရပ်ကွက်နေပြည်သူများမှာ သွားလာရခက်ခဲနေပြီး၊ မိမိအိမ်ရေတိုက်စားမသွားအောင် ဂရုစိုက်ကြည့်ရှုနေရခြင်း၊ မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းများလုပ်ဆောင်ရန် အချိန်မရရှိခြင်းတို့ကြောင့် အချိန်ကြာလာလျင် ပိုမိုခက်ခဲလာမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။