Trending Now

ဖားကန့်မြို့နယ်တွင် ယာယီတိုက်ပွဲရှောင်စခန်း ၁၀ ခုဖွင့်လှစ်ထားသော်လည်း လုံလောက်မှု မရှိသည့်အတွက် ဆယ်ဇင်း တိုက်ပွဲရှောင်ပြည်သူများနေထိုင်ရန် အခက်အခဲ ဖြစ်နေ

Spread the love

ဖားကန့်မြို့နယ်တွင် ယာယီတိုက်ပွဲရှောင်စခန်း ၁၀ ခုဖွင့်လှစ်ထားသော်လည်း လုံလောက်မှု မရှိသည့်အတွက် ဆယ်ဇင်း တိုက်ပွဲရှောင်ပြည်သူများနေထိုင်ရန် အခက်အခဲ ဖြစ်နေ

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၈

ဖားကန့်မြို့နယ်တွင် ဆယ်ဇင်းကျေးရွာမှ တိုက်ပွဲရှောင်လာသည့် ပြည်သူများနေထိုင်ရန်အတွက် ယာယီတိုက်ပွဲရှောင်စခန်း ၁၀ ခုဖွင့်လှစ်ထားသော်လည်း လုံလောက်မှု မရှိသည့်အတွက် ဆယ်ဇင်း တိုက်ပွဲရှောင်ပြည်သူများနေထိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း ဖားကန့်မြို့လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ဇူလိုင်လ (၂၁)ရက်နေ့မှ စတင်ကာ စစ်တပ်နှင့် KIA ၊ PDF တို့ကြားတိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာကြသည့်အတွက် ဟောင်းပါး ၊တာမခံ ၊ မှောစီစာ၊ နန့်မဖြစ် စသည့်ကျေးရွာများတွင် ယာယီတိုက်ပွဲရှောင် စခန်း ၁၀ ခုဖွင့်လှစ်၍ နေရာပေးထားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သြဂုတ်လ (၁၁)လောက်ထဲက ပြောင်ရွှေ့ပို့ဆောင်ပေးနေတာ၊ လူဦးရေ (၆၀၀)နီးပါး ဖားကန့်ကိုရောက်နေပြီ ၊ နန့်မဖြစ်၊ မှော်စီစာ၊မမုံလျှံ ဘက်တွေမှာထားတယ်၊ ဒါပေမဲ့ လူဦးရေက အတော်လေးများလာတော့ နေရာက မလောက်တော့ဘူး၊ တိုက်ပွဲရှောင်တွေထားရှိဖို့ နေရာသတ်မှတ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးထားတယ်၊ အခုထိတော့ နေရာ မသတ်မှတ်နိုင်သေးဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများကို ဟောင်းပါး ဘုန်းတော်ကြီးကျောင်း၊ တာမခံ အထက ကျောင်းရှိ ခန်းမဆောင် ၊တာမခံ မူကြိုကျောင်း၊ တာမခံ နှစ်ခြင်းအသင်းတော်၊ တာမခံ AG အသင်းတော်၊ ခိုမကျေးရွာ ဘုန်းတော်ကြီးကျောင်း နှင့် နတ်ရေတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းစသည့် နေရာ (၇) နေရာတွင် တိုက်ပွဲရှောင်စခန်း ဖွင့်လှစ်ပေးထားသော်လည်း လုံလောက်မှု မရှိသည့်အတွက် နန့်မဖြစ် ဘုန်းကြီးကျောင်း၊ မှော်စီစာ ဘုန်းကြီးကျောင်း နှင့် မမုံလျှံ စာသင်ကျောင်းတို့တွင် ထပ်မံနေရာချထားပေးခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲရှောင် စခန်း ၁၀ ခုဖွင့်လှစ်ပေးထားသော်လည်း လူဦးရေများပြားလွန်းသည့်အတွက် နေရာထိုင်ခင်းများ လုံလောက်မှုမရှိသည့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းသို့ အခက်အခဲဖြစ်ပေါ်နေသော လည်းတာမခံ ၊ဟောင်းပါး ဘက်ရှိ တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူ (၄၀၀)ကျော်ကိုဖားကန့်မြို့ တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံ ပို့ ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲရှောင်ပြည်သူများ အနေဖြင့် ယခုကဲ့သို့ နေရာထိုင်ခင်း အခက်အခဲများအပြင်စားနပ်ရိက္ခာ လိုအပ်မှုများရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ လိုအပ်နေသေးကြောင်း ဟောင်းပါးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင်နေသည့် ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့လဲ လူတွေ အများကြီး တိမ်းရှောင်လာကြတယ်၊ နေရာမလောက်တော့ စာရင်းပေးတာတွေလဲ နားထားတယ်၊ ဖားကန့်ဘက်ကိုလည်းပို့ကြမယ်ပြောတယ်၊ လူများလာတော့ စားသောက်ရေးလည်း လိုအပ်လာပြီ ၊ နောက်ထပ်လဲ တိုက်ပွဲရှောင်တွေ ထပ်ဝင်ဖို့ ရှိတယ်ပြောတယ်။ တိုက်ပွဲတွေပြင်းထန်တော့ ချက်ချင်းပဲပြေးလာခဲ့ရတာ ဘာမှ မသယ်လာခဲ့ဘူး “ဟု တိုက်ပွဲရှောင်ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများမှာ ဆယ်ဇင်းကျေးရွာ ၊ ရွှေတွင်းမှော်၊ တိန်းတောင်မှော် နှင့် အနီးအနားရှိ ကျေးရွာများမှ ထွက်ပြေးလာခဲ့သည့် ဒေသခံများဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၁၅၀၀) ကျော်အထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။