Trending Now

ဆွမ်ဘရာဘွမ်မြို့မှ စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံတွေ့နေ

Spread the love

ဆွမ်ဘရာဘွမ်မြို့မှ စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံတွေ့နေ

EPN
မြစ်ကြီးနား၊ မတ် ၂၁ (၂၀၂၄)

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုသွားလမ်းပိုင်းရှိ ဆွမ်ဘရာဘွမ်မြို့မှ စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံတွေ့နေရကြောင်း နီးစပ်ရာပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှ စတင်ပြီး ဆွမ်ဘရာဘွမ်မြို့နှင့် မလိယာန်ကျေးရွာရှိ တပ်မတော်စခန်းအား KIA၊ DPF ပူးပေါင်းအဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူများ ဘေးလွတ်ရာသို့ ပုန်းခိုနေထိုင်ခဲ့ကြရာ (၁၀)ရက်ကျော်ရှိလာပြီဖြစ်ပြီး၊ နေထိုင်ရေးနှင့်အစားအသောက်များ အခက်အခဲရှိကာ ဖျားနာသူများအတွက် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” တိုက်ပွဲဖြစ်ပြီဆိုရင် အဓိကပြည်သူတွေပဲ ဒုက္ခရောက်ရတယ်။ အခုလည်း ဘယ်အဖွဲ့အစည်းမှ ကူညီပေးတာ မရှိဘူး။ ဒေသခံတွေက ဖြစ်သလိုနေရပြီး အခက်အခဲတွေပဲ ကြုံနေရတာကို သူတို့က ဂရုမစိုက်ကြဘူး။ အခုဆို တောမှာမိုးကာတဲနဲ့ နေကြရတယ်။ တစ်ချို့က အမျိုးအိမ်တွေမှာ ပြည့်ကြပ်အောင် နေရတယ်။ လမ်းတွေကလည်း ပိတ်ထားလို့ ပိုဆိုးတယ်။ အစားအသောက်ပိုင်းတွေ၊ ဆေးဝါးပိုင်းတွေ အရမ်းခက်ခဲနေကြတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် ဆွမ်ဘရာဘွမ်မြို့၊ မလိယာန်ကျေးရွာနှင့် အနီးနားရှိကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ စုစုပေါင်း (၁၀၀၀)ကျော်မှာ တောတွင်းနှင့် ဘေးလွတ်ရာနေရာများတွင် ခက်ခဲစွာ နေထိုင်နေရကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင်လည်း အဆိုပါ တိုက်ပွဲကြောင့် အသွားအလာ ပိတ်ထားခဲ့ရာ ယနေ့အထိ ဖွင့်လှစ်ပေးခြင်း မရှိသေးသည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်သကဲ့သို့ ကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။