Trending Now

ဧရာဝတီတိုင်းတွင် မိုးစပါးအထွက်နှုန်းကျဆင်းမှုကြောင့် တောင်သူများ အရှုံးပေါ်နေ

Spread the love

ဧရာဝတီတိုင်းတွင် မိုးစပါးအထွက်နှုန်းကျဆင်းမှုကြောင့် တောင်သူများ အရှုံးပေါ်နေ

EPN
ပုသိမ်၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

ဧရာဝတီတိုင်းတွင် မိုးစပါးများ ပြန်လည်ရိတ်သိမ်းနေသည့် လက်ရှိအချိန်တွင် စပါးများအထွက်နှုန်း ကျဆင်းနေခြင်းကြောင့် ဒေသခံတောင်သူများ အမြတ်မရသည့်အပြင် အရှုံးပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ဖေဖော်ဝါရီလသည် မိုးစပါးများ နောက်ဆုံးရိတ်သိမ်းနေသည့်အချိန်ဖြစ်ပြီး၊ အရင်နှစ်များက စပါးတစ်ဧက ပျှမ်းပျှ ၉၃ တင်းအထိ ထွက်ရှိခဲ့ကာ ယခုနှစ်တွင် စပါးတစ်ဧက ပျှမ်းမျှ ၆၅ တင်းအထိသာ အများဆုံး ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စပါးအထွက်နှုန်း ကျဆင်းခြင်းသည် ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်မှုများ အပါအဝင် ရွှေခရု ကိုက်ဖျက်ခြင်း၊ စပါးရွက် ဖျက်ပိုးကျခြင်း၊ နိုင်ငံရေး အကြပ်အတည်း များကြာင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးထိုးတက်နေခြင်း၊ စပါးများ အထွက် ကောင်းစေရန်နှင့် ပိုးမွှားအန္တယ်မကျရောက်စေရန် အသုံးပြုသည့် ပိုးသတ်ဆေးများ၊ မြေသြဇာများအပြည့်အဝ မသုံးစွဲနိုင်ခြင်း၊ ဒေသမတည်ငြိမ်မှုများကြောင့် လယ်ယာလုပ်ငန်းများကို စနစ်တကျ မလုပ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဧရာဝတီတိုင်းမှ လယ်သမား တစ်ဦးက ပြောသည်။

” အခု စပါးပြန်ရိတ်တဲ့ အချိန်မှာ နှစ်ဆလောက် လျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင်မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို နွေစပါးတောင် လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီး ရှာရဦးမယ်။ ခါတိုင်းဆို မိုးစပါးရိတ်ပြီးတာနဲ့ နွေစပါးစိုက်ဖို့ အရင်းအနှီး သုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အဓိကကတော့ ရာသီဥတု ဖောက်ပြန်တာနဲ့ နိုင်ငံရေး အကြပ်အတည်းတွေကြောင့်ဒုက္ခတွေရောက်နေတာ။ အခုခေတ် စပါးတစ်ဧက စိုက်ပျိုးစရိတ်က ၁၃ သိန်းလောက်ရှိတယ်။ ပြန်ရတာ ၉ သိန်းဖိုးတောင် မပြည့်ဘူး။ စပါးဈေးကတော့ မဆိုးပါဘူး ” ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်းတွင် စပါးများ အထွက်နှုန်း ကျဆင်းနေသည့်အပြင် လယ်ယာသုံး စက်သုံးဆီ လိုသလောက် ဝယ်မရခြင်း၊ စက်သုံးဆီဈေးများ ပြန်မကျခြင်း၊ဓာတ်မြေသြဇာဈေးများ ပြန်မကျခြင်း၊ ယခင်ကချေးထားသည့် ချေးငွေများကို
ပြန်လည်တောင်းယူနေခြင်း စသည့် အခက်အခဲများဖြင့်လည်း ကြုံနေရကြောင်း သိရသည်။

” ပြောရမယ်ဆိုရင် လယ်သမားတွေ ဒုက္ခပတ်လည် ဝိုင်းနေပါတယ်။ ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ အိမ်ကမိသားစုတွေကို အခြားအလုပ်ပဲ လုပ်ဖို့ပြောနေတာ။တောင်သူတွေရဲ့အခက်အခဲတွေ အထိုက်အလျှောက် အဆင်ပြေဖို့ဆို အစိုးရ၊ကုန်သည်၊ တောင်သူ ပေါင်းစပ်လုပ်မှအဆင်ပြေမှာ။ အခုက စပါးအထွက်လျော့တဲ့ဒဏ် ခံနေရတဲ့အပြင် ဘာမှ ပံ့ပိုးတာလည်းမရဘူး ဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာဘဲ အဟောင်းတောင်တွေ တောင်းနေတယ် ” ဟု မအူပင်မြို့နယ်မှ လယ်သမားတစ်ဦးပ ပြောသည်။

ဧရာဝတီတိုင်းသည် ပြည်တွင်းတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကိုအဆင်ပြေပြေ မလုပ်နိုင်လျှင် နိုင်ငံ ၏ ရိက္ခာအတွက်ပါ ထိခိုက်လာနိုင်ကြောင်း ကုန်သည်များ၊ လယ်သမားများနှင့်လယ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။