Trending Now

ထောက်ပံ့မှုနည်းသည့်အတွက် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ

Spread the love

ထောက်ပံ့မှုနည်းသည့်အတွက် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း စစ်ရှောင်စခန်း သုံးခုရှိပြီး အဆိုပါ စခန်းများမှ စစ်ရှောင်ပြည်သူများအား WFP (ကုလသမ္မဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်)၏ လစဉ်ထောက်ပံ့မှုသာရှိပြီး အခြားမှလာရောက်ထောက်ပံ့ခြင်း မရှိသေးသည့် အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

လူဦးရေနည်းပါသော်လည်း စစ်ရှောင်များ ဖြစ်သည့်အတွက် အခြားစစ်ရှောင်စခန်းများ နည်းတူ လာရောက် ထောက်ပံ့စေလိုကြောင်း ဒူကထောင့် စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ခေါင်ရှောင်က ပြောသည်။

“ကျွန်မတို့ စစ်ရှောင်စခန်းက သုံးခုဖြစ်ရတာ ဟာနေစရာ မြေမရှိလို့ ဘုရားကျေုာင်းကချပေးတဲ့ နေရာမှာ နေရာတာဖြစ်တယ် အားလုံး ကတော့ အတူတူပါဘဲ၊ ဒီစစ်ရှောင်မှာ က လူအင်အားနည်းတော့ UN အပါအဝင် NGO တွေက စိတ်မဝင်စားကြဘူးလေ ဘာထောက်ပံ့မှု မှလည်း မရပါဘူး တစ်ခါတစ်လေ ကြက်ခြေနီတို့ ပရဟိတ အဖွဲ့ အစည်းတစ်ချို့တော့ လာပါတယ် ဒါပေမယ့် စစ်ရှောင်ခြင်း အတူတူဖြစ်လို့ ထောက်ပံ့စေချင်ပါတယ် အခက်အခဲဖြစ်တာချင်း အတူတူပါဘဲ ” ဟု၎င်းက ဆိုသည်။

ထို့အပြင် WFP (ကုလသမ္မဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်)၏ လစဉ် ထောက်ပံ့မှုဟာ လူတစ်ဦးလျှင် တစ်လစာ တစ်သောင်းတစ်ထောင် သာရှိပြီး အခြားထောက်ပံမှုမရှိသည့်အတွက် စားဝတ်နေရေးအတွက် များစွာ အခက်အခဲ ရှိနေကြောင်း စစ်ရှောင်ပြည်သူ ဦးအင်ခွန်ထူး က ပြောသည်။

“ကျွန်တော် ဒီမှာ လာနေတာ ၂၀၁၂ကတည်းကပါ။ အစကတော့ အစိုးရက တစ်နှစ်တစ်ကြိမ် ထောက်ပံတယ် နောက်မရတော့ဘူး၊ အခုကတော့ WFP ရဲ့ထောက်ပံ့မှုနဲ့ နေနေရတယ်။ တစ်ယောက်ကို တစ်လလုံးနေမှ တစ်သောင်းကျော်ဆိုတော့ မိသားစုများတဲ့ ကျွန်တော်တို့ အတွက် အဆင်မပြေဘူး၊”ဟု ဦးအင်ခွန်ထူး က ပြောသည်။

ယင်းစစ်ရှောင်စခန်းများသည်၂၀၁၁ခုနှစ် သြဂုတ်လ ၄ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒူကထောင် နယ်မြေ(၄)စခန်း၊ နယ်မြေ(၅)စခန်းနှင့် နယ်မြေ(၁၀)စခန်းဟူ၍ သုံးခုကွဲနေပြီး လူဦးရေ စုစုပေါင်း (၂၀၀)ကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် ထောက်ပံ့မှု လုံလောက်စွာ မရရှိသည့် အတွက် အဆိုပါ စစ်ရှောင် စခန်းများမှ အမျိုးသမီးများသည် ရပ်ကွက်အတွင်း အဝတ် လျှော်ခြင်း၊ ဈေးရောင်းခြင်းနှင့် (ကျပန်း)နေ့စား အလုပ်များကို လုပ်ကိုင် နေရပြီး အမျိုးသားအများစုမှာ ကျင်းတူးခြင်း၊ ပန်းရံလိုက်ခြင်းနှင့် နေ့စား (ကျပန်း)အလုပ်များ လုပ်ကိုင်နေရပြီး အလုပ်မရှိသည့် အချိန်တွင် စားဝတ်နေရေးအတွက် အလွန်ခက်ခဲလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒူကထောင်စခန်းများတွင် နေထိုင်ကြသည့်သူများမှာ တာလောကြီး၊ နန်ဆိုင်ယန်၊ တဘတ်ယန်၊ ဆဒုံး၊ ဆွမ်ပရာဘွမ်စသည့် ဒေသများမှ ဖြစ်ကြပြီး လက်ရှိတွင် အိမ်ထောင်စုစုပေါင်း ၄၄ ခု၊ လူဦးရေ ၂၀၀ ကျော် နေထိုင် လျက်ရှိပြီး ယနေ့အချိန်ထိ နေရပ်ပြန်လည်နေထိုင်သူ မရှိသေးကြောင်း သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။