Trending Now

COVID-19 ဂယက်ကြောင့် မြစ်ကြီးနားမြို့ပေါ်က ဂရိတ်ဖုသီးသည် အချို့ အရှုံးပေါ်နေ

Spread the love

COVID-19 ဂယက်ကြောင့် မြစ်ကြီးနားမြို့ပေါ်က ဂရိတ်ဖုသီးသည် အချို့ အရှုံးပေါ်နေ

EPN
မြစ်ကြီးနား၊ ဧပြီ ၂၈

COVID-19 ဂယက်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ဂရိတ်ဖုသီးသည် အချို့ အရင်းပင်မရရှိဘဲ အရှုံးပေါ်နေကြောင်း ဂရိတ်ဖုသီးသည်များထံမှ သိရသည်။

ဂရိတ်ဖုသီးသည်များ အနေဖြင့် ယင်းလုပ်ငန်းလုပ်ကိုင် ငွေကျပ်သ်ိန်း(၂၀)မှ (၄၀)ဝန်းကျင်အထိ ရင်းနှီးထားရပြီး ယခင်နှစ်များက မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းရောက်လျှင် သစ်သီးသည် အများဆုံး ကအရင်းကြေနေပြီဖြစ်သော်လည်း ယခုနှစ်တွင် ကိုဗစ်နိုင်တင်းဂယက်ကြောင့် သစ်သီးဝယ်လိုအား ကျဆင်းခြင်း၊ ဗန်းမော်၊ ဖားကန့်၊ မန္တလေး၊ ရန်ကုန်စသည့် ဒေသများသို့ တင်ပို့မှုရပ်တန့်သွားခြင်းတို့ကြောင့် သစ်သီးသည်အများပိုင်း အရင်းဆုံးနေရကြောင့် ပူတာအိုမြို့နယ်မှ မြစ်ကြီးနားမြို့တွင် လာရောက်ရောင်းချနေသည့် ဒေါ် အားချီကဆိုသည်။

“အရင်နှစ်တွေကတော့ တခြားနေရာတွေမှာ ဒီချိန်ဆိုအများကြီး ပို့နိုင်ပြီ ဒီနှစ်က တစ်ခြင်းမှ မပို့နိုင်သေးဘူး။ လာဝယ်တဲ့သူတွေကလည်း တစ်ယောက်နှစ်ယောက်ပဲလာတယ်။ ဝယ်သူလည်းနည်း အသီးတွေလည်းတချို့က ပုပ်ကုန်ပြီ အရင်နှစ်ဒီချိန်ဆို အားလုံးက အရင်းကြေကြပြီ ဒီနှစ်တော့ အရင်းမကြေကြဘူး။ အရင်းရုံးတယ်။ တချို့က သိမ်းသွားကြပြီ”ဟု ဒေါ်အားချီက ပြောသည်။

ဤသို့ဝယ်လို အားကျဆင်းနေခြင်းကြောင့် ယခင်က အကြီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ ယခု (၆၀၀)ကျပ်၊ ယခင်အလတ်တစ်လုံး (၇၀၀)ကျပ်တွင် ယခု(၅၅၀)ကျပ်နှင့် ယခင်အသေးတစ်ထောင်ကျပ်လျှင်(၃)လုံးမှ ယခု(၄) အထိ လျော့ရောင်းနေသော်လည်း ရောင်းအားကျဆင်းနေပြီး အရင်းပြန်မရှိဘဲ အရှုံးပေါ်နေကြောင်း သစ်သီးသည် ဒေါ်အားညီက ယခုကဲ့သို့ ဆိုသည်။

“အခုက အရင်းမရသေးဘူး။ ရှူံးနေတယ်။ ဆက်ပြီးတော့ ရောင်းကောင်းလာမလားလို့ စောင့်နေတာပဲ ရှိတယ်။ လမ်းပိတ်လိုက်တော့ ပိုဆိုးသွားတယ်။ တခြားမြို့ကလူတွေ လာမဝယ်ကြဘူး။ ပို့လို့လည်းမရဘူး။” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ကိုဗစ်နိုင်တင်း အရေးပေါ်ကာလတွင် ယင်းလုပ်ငန်းကို အမှီသဟဲပြုကာ ဝမ်းရေးကို ဖြေရှင်းနေရသည့် သစ်သီးသည်များအနေဖြင့်လည်း မိသားစုစားဝတ်နေရေးတွင် အခက်အခဲ ဖြစ်နေကြောင်း သစ်သီးသည်တစ်ဦးက ဤသို့ဆိုသည်။

“မိသားစုအတွက် စားဝတ်နေရေးမှာ လိုတဲ့ဟာ ဖြေရှင်းတာပေါ့။ ဆန်ကအစ ဟင်းသီးဟင်းရွက်အဆုံးကို ဒါနဲ့ဖြေရှင်းနေရတယ်။ အခုလို အသီးမရောင်းရတော့ အိမ်မှာလည်း ခါတိုင်းလိုလို မစားနိုင်ဘူး။” ဟု ဒေါ်ခေါနီက ပြောပြရှာသည်။

ယခင်ကာလများတွင် ဂရိတ်ဖုသီးသည်များ၏ ဝင်ငွေမှာ တစ်နေ့ ကျပ်သိန်းကျော်မှ နှစ်သိန်းကျော် အထိ ရရှိခဲ့သော်လည်း လက်ရှိတွင် တစ်နေ့ ကျပ်တစ်သောင်း ဝန်းကျင်ခန့်သာ ရရှိကြောင်း သိရပြီး အချို့တွင် တစ်နေ့လုံး ဈေးဦးမပေါက်သူများလည်း ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။