Trending Now

စက်သုံးဆီ ပြတ်လပ်နေသည့် ပူတာအိုတွင် တစ်လီတာ(၂၅၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ၇ သောင်းကျပ်အထိ ဝယ်ယူခွင့်ရ

Spread the love

စက်သုံးဆီ ပြတ်လပ်နေသည့် ပူတာအိုတွင် တစ်လီတာ(၂၅၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ၇ သောင်းကျပ်အထိ ဝယ်ယူခွင့်ရ

EPN
မြစ်ကြီးနား၊ မတ် ၄

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယခင်လ တတိယပတ်မှ စတင်ကာ စက်သုံးဆီများ ပြတ်လပ်ခဲ့ပြီး ယနေ့ (မတ်လ၄ရက်နေ့)မှ စတင်ကာ စက်သုံးဆီဈေး 92 တစ်လီတာလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ၇ သောင်းအထိ ဝယ်ယူခွင့် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပူတာအိုမြို့တွင် ယခင်လမှ စတင်ကာ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အသွားလာခရီးလမ်းများ ပိတ်ထားခဲ့မှုကြောင့် မြို့တွင်း စက်သုံးဆီများမှာလည်း တစ်ပတ်ကြား ပြတ်တောက်ခဲ့ပြီး စက်သုံးဆီ တစ်ပုလင်းလျှင် ၆၀၀၀မှ ၈၀၀၀အထိ ဈေးပေးဝယ်ယူခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂ ရက်နေ့မှစတင်ကာ မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းအား ခရီးသည်နှင့် ကုန်စည်များ ပြန်လည်ဖြတ်သန်းခွင့်ပြုထားသည့်အတွက် စက်သုံးဆီကားများ ပြန်လည်ဝင်ရောက်လာပြီး တစ်လီတာလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးနေခြင်းဖြစ်သည်။

“အခုရက်ပိုင်းအတွင်းမှာလည်း ကမ္ဘာရေနံဈေးတွေမြင့်လာတော့ စက်သုံးဆီ ဈေးတွေထိုးတက်လာတယ်၊ဒါပေမဲ့ စက်သုံးဆီဝယ်ယူတဲ့သူတွေကို သက်မှတ်ဈေးအတိုင်းပဲ ရောင်းချပေးလျှက်ရှိတယ်။ ပူတာအိုမှာက အရင်ရက်တွေက သွားလာတဲ့ ခရီးလမ်းတွေပိတ်ခဲ့တယ်၊ ဒီတော့ ဓာတ်ဆီပြတ်တာကလည်း (၈)ရက်လောက်ကြာခဲ့ပြီး ၊ အခုမှ လမ်းတွေသွားလာခွင့်ပြန်ပေးလို့ ၊ ဆီကားတွေရောက်လာနိုင်ခဲ့တယ်၊ ဝယ်ယူကြတဲ့လူတွေက အရမ်းများတာကိုတွေ့မြင်ရတယ်၊ ဒါကြောင့် စက်ယန္တရားအကြီးတွေအသုံးပြုဖို့ လာဝယ်ရင်တော့ မခွင့်ပြုဘူး၊ ဒေသခံတွေအတွက်ပဲ တစ်ဦး(၇)သောင်း ထိပဲ အကန့်အသတ်နဲ့ ရောင်းပေးတယ်၊” ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ယခင် ဖေဖော်ဝါရီလ အတွင်း ပူတာအိုမြို့၏ စက်သုံးဆီးဈေးနှုန်းမှာ တစ်လီတာကို ၅ထောင် ကျော် ၈ ထောင် ပတ်ဝန်းကျင် အထိ မြင့်တက်ခဲ့ပြီး အခုလို နှုန်းထားမျိုးဖြင့် ပြန်လည်ရောင်းချပေးနိုင်ခဲ့သည့်အတွက် အများပြည်သူများအနေဖြင့် ဝမ်းသာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

” လမ်းတွေပိတ်၊သွားလာရေးခက်ခဲ့စဉ်က ပူတာအိုမှာ စက်သုံးဆီက တစ်ပုလင်းကို (၅၀၀၀)အထက် (၈၀၀၀)မက ရှိခဲ့တယ်၊ အဲ့တာက ဖေဖော်ဝါရီလ လယ်လောက်မှာ တိုက်ပွဲတွေကြောင့် လမ်းခရီးတွေ ပေးမသွားကြဘူး၊ အဲ့တာနဲ့ မနေ့ကထိ (၈)ရက်လောက် ကြာပြီး ဆီတွေပြတ်တာ၊ အခု ဆီပြန်ရတော့ အရမ်းဝမ်းသာတယ်၊ နောက်ပြီး စက်အကြီးကြီးတွေ လုပ်ငန်းအသုံးပြုတဲ့ စက်တွေကို အဓိက မရောင်းပေးပဲ အားလုံးညီတူမျှတူရဖို့ တစ်ဦးကို (၇)သောင်နှုန်းကန့်သတ်ပြီးရောင်းပေးတော့ တော်တော်များများ အဆင်ပြေသွားတယ်၊ ” ဟု ၎င်းကပြောသည်။

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းကို KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ စတင်ကာ ပိတ်ထားခဲ့ပြီး မတ်လ(၂)ရက်နေ့မှ စတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။