Trending Now

ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန် ရင်းနှီးမြုပ်နှံလိုသူများကို ဖိတ်ခေါ်

Spread the love

ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန် ရင်းနှီးမြုပ်နှံလိုသူများကို ဖိတ်ခေါ်

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၏မြောက်ဘက် (၁၂)မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်ရှိ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း၊ ဓာတ်အားထုတ်လုပ်မောင်းနှင့်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု IPP/ BOT စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဖိတ်ခေါ်၍ လုပ်ငန်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

၆၇၁ မဂ္ဂါဝပ်ရရှိမည့် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် ပြင်သစ်အစိုးရပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Electricite De France (EDF) တို့က Public Private Partnership (PPP) စနစ်ဖြင့် အတူတကွ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် နိုင်ငံရေးအပြောင်းအလည်းဖြစ်ပြီနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြင်သစ်ကုမ္ပဏီ Electricite De France က လုပ်ငန်းစဉ်များကို ပိတ်သိမ်း ရပ်ဆိုင်းကြောင်း သတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ၆၇၁ မဂ္ဂါဝပ်ရှိသည့် ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းကို အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ ( သန်းပေါင်း ၁,၅၀၀ ခန့် ) အကုန်အကျခံ၍ ရွှေလီမြစ်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံလိုသူများအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဖိတ်ခေါ်၍ လုပ်ငန်းအပ်နှံသွားမည်ဖြစ်ပြီး တင်ဒါများကို ဩဂုတ်လ ၂၁ ရက်မှစတင်ကာ စက်တင်ဘာလ ၁၁ ရက်အထိ နေပြည်တော်ရှိ ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာနတွင် ရောင်းချပေးမည်ဖြစ်ကြောင်း နှင့် တင်ဒါတစ်စောင်လျှင် ကျပ်ငွေငါးသိန်းတိတိဖြင့် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို လာမည့် ၂၀၂၅- ၂၀၂၆ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ပြီး စီမံကိန်း ပြီးဆုံးပါက နိုင်ငံတော်ဓာတ်အားလိုင်းသို့ နှစ်စဉ် လျှပ်စစ်စွမ်းအင် ကီလိုဝပ် သန်း ၃,၀၀၀ ထုတ်လုပ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စု (၈.၅) သန်းခန့်ကို လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကေကေ
Photo – google

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။