Trending Now

“မင်းနှင့် ပြည်သူ”

Spread the love

 “မင်းနှင့် ပြည်သူ”

“မင်းနှင့် ပြည်သူ”

EPN
ဆောင်းပါး၊ မေ ၂၆

လူတို့သည်၊ မိမိတို့၏ စားဝတ်နေရေးနှင့်အခြား လူမှုရေးရာများကို လုပ်ဆောင်ရန်အတွက် လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ လူမှုဆက်ဆံရေး ပဋိပက္ခဖြစ်ပွားမှုများကို  ထိန်းသိမ်းကွပ်ကဲရန်အတွက် လည်းကောင်း၊ တိုင်းပြည်တွင် နိုင်ငံတော်အာဏာတည်းဟူသော စီမံအုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာရပ်ကြီးကို ဖွဲ့စည်း လာရလေသည်။

ထိုအာဏာကြီးကား လူ့အဖွဲ့အစည်းတစ်ခု၏ မိမိကံကြမ္မာကိုမိမိဖန်တီးနိုင်အပ်သော နိုင်ငံတော်အာဏာကြီး ဖြစ်ပေသည် ၊ သို့ကြောင့် နိုင်ငံတော်အာဏာသည် နိုင်ငံသားတို့၏ လက်ဝယ်တွင်သာ ရှိသည်။

သမိုင်းအစဉ်အလာနှင့် တည်တည်တံ့တံ့နေထိုင်လာကြသော လူ့အဖွဲ့အစည်းတရပ်၏ အချုပ်အချာအာဏာ လွှမ်းတည်ရာ ပျံနှံ့ရာဒေသကို ပထဝီဝင် နယ်နမိတ်အရ သတ်မှတ်သည်၊ ထိုနယ်မြေဒေသကို တိုင်းပြည် (သို့မဟုတ်)နိုင်ငံဟုခေါ်ပါသည်။ တိုင်းပြည်သည် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု၏ ပုံသဏ္ဌာန်ဖြစ်၍ နိုင်ငံတော် သည်၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု့၏ ပုံသဏ္ဌာန်ဖြစ်ပေသည်။ တိုင်းပြည်နှင့်နိုင်ငံတော်သည်၊ အချင်းချင်း ကျေးဇူးပြုသော အားဖြင့် အညမည ဆက်စပ်လျက်ရှိကြသည်၊ ထို့ကြောင့် လူ့အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းရာတွင် တိုင်းပြည်တည်းဟူသော နေစရာ ပထဝီနယ်မြေဒေသနှင့်နိုင်ငံတော် အာဏာတည်းဟူသော အချုပ်အချာအာဏာရပ်တို့ကို ပေါင်းစပ်ကာ ဖွဲ့စည်းရပေသည်။

လူသည် လူ၏အဖြစ်ကို ရကတည်းက လူ့အဖွဲ့အစည်းများနှင့် ကင်း၍မနေနိုင်ပဲ၊လူ့အဖွဲ့အစည်းတွင် ပါဝင် နေထိုင်ရ၏၊ ထိုလူ့အဖွဲ့အစည်း၏ ဘဝကံကြမ္မာကို ဖန်တီးအပ်သော နိုင်ငံတော်၏အရေး (သို့မဟုတ်) နိုင်ငံရေး (သို့မဟုတ်) တိုင်းရေးပြည်ရေးတွင်လည်း မပါဝင် မဆောင်ရွက်ပဲ နေ၍မရချေ ။

လူသည် လူ့အဖွဲ့အစည်းတွင်ပါဝင်နေသော လူမှု့ဆက်ဆံရေး သတ္တဝါဖြစ်နေသည်နှင့်အမျှ နိုင်ငံရေး သတ္တဝါလည်း ဖြစ်နေပေတော့သည်၊ ထို့ကြောင့် လူသည်နိုင်ငံရေးနှင့် မကင်းနိုင်ချေ၊ လူသည် နိုင်ငံရေး ကိုရှောင်၍ မရချေ၊ လူသည် သိလျက်ပင်ဖြစ်စေ မသိလျက်ပင်ဖြစ်စေ နိုင်ငံရေးနှင့် အစဉ်ပင် ဆက်ဆံ နေရပေသည်၊ ထို့ကြောင့် နိုင်ငံရေး အဓိပ္ပာယ်ကို လူတိုင်းက သိဖို့လို၏။ တိုင်းရေး ပြည်ရေး နိုင်ငံရေးများကို လေ့လာသုံးသပ် ဆင်ခြင်အပ်၏၊ ရှောင်သင့်သည်ကိုရှောင်၍ ဆောင်သင့်သည်ကို ဆောင်ရမည်၊ နောင်လာ နောင်သားများအား ကောင်းသော အမွေအနှစ်များကို ပေးခဲ့ရမည် ။

သို့ဖြစ်လျှင် နိုင်ငံရေးဆိုတာ ဘာလဲဟု မေးလာသည်ရှိသော် အတိုချုပ်အရဆိုလျှင် နိုင်ငံရေးဆိုသည်မှာ ကျွနု်ပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် ကြုံတွေ့နေကြရသောကိစ္စများပင်ဖြစ်ပေသည်၊ တနည်းအားဖြင့် ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်၊ သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှုရေး စီးပွားရေး ဘာသာရေး ပညာရေး စသည်တို့ အားလုံးပါဝင်နေသောကြောင့်၊ နိုင်ငံရေးကို ကျွန်ုပ်တို့နားမလည်စရာ အကြောင်းမရှိပါပေ။

လူတို့သည်၊ လူမှုရေး ဘာသာရေးရာအဖြာဖြာတို့နှင့် အကျုံးဝင်သော  တွေးခေါ်ယူဆချက်များကို စုစည်း ပျိုးထောင်ရင်း မိမိ၏ စွမ်းရည်သတ္တိကို တဖြည်းဖြည်းနှင့် သိလာခဲ့ကြသည်။ မိမိတို့၏အသိညဏ်ကို မိမိတို့၏ ရှေးရေးအတွက် မည်သို့ မည်ပုံ အကျိုးရှိအောင် အသုံးချနိုင်မည်ကို သဘောပေါက်ခဲ့ကြသည် ။

ထိုအခါ လူတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်သည်ဟူသော အသိတရားကိုလည်း ကောင်းစွာရရှိခဲ့ကြသည်။ ထိုအသိတရား၏ ရှေ့ဆောင်မှုဖြင့် လူ့အဖွဲ့အစည်း၏ ဘဝကံကြမ္မာကို ဖန်တီး အပ်သော  အချုပ်အချာအာဏာ(သို့မဟုတ်) နိုင်ငံတော်အာဏာသည် ဖြစ်လာခဲ့ပါသည် ။

နိုင်ငံတော်အာဏာသည်၊ လူမှုရေးနှင့်အခြားသောဘာသာရေးစီးပွားရေး ပညာရေး စသည်တို့တွင်လည်း အကျုံးဝင်ကာ အင်အားအကြီးဆုံးလည်း ဖြစ်လေသည် ။

လူသည် မိမိအပါအဝင်ဖြစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာ၌ စား၊ဝတ်၊နေရေးနှင့် လူမှုရေးများကို စီမံကွပ်ကဲရန်အတွက်လည်းကောင်း ထိုလူ့အဖွဲ့အစည်းကို စည်းကမ်းတကျ စုစည်းထိန်းကျောင်းရန် အတွက် လည်းကောင်း မိမိတို့ကိုယ်ကို မိမိတို့အုပ်ချုပ်ရန် နည်းလမ်းအမျိုးမျိုးတို့ကို စမ်းသပ်ရှာဖွေခဲ့သည်။ တစ်ချို့သော နည်းလမ်းဖြင့် ဟန်မကျလျှင် တစ်ခြားတစ်မျိုးသောနည်းလမ်းကို ရှာဖွေကာ မိမိကံကြမ္မာ၏ တိုးတက်ကောင်းစားရေးအတွက် အမြဲတစေ ကြိုးပမ်းနေခဲ့သည်။

လူ့ဘောင်၏သမိုင်းသည် ဖြစ်ခြင်း ပျက်ခြင်းနှင့်အသစ် အသစ်ဖြစ်ပေါ်နေခြင်းတို့၏ ဖြစ်စဉ်ကြီးဖြစ်ပေသည် ။ ထိုသို့သော ပြောင်းလဲမှုအစဉ်တွင် လူတို့၏စိတ်ပိုင်းဘဝနှင့် ရုပ်ပိုင်းဘဝတို့သည်၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြု၍ အစဉ်မပြတ် မရပ်မနားပြောင်းလဲနေပေသည်။ ရွှေ့လျားနေပေသည်။ ထို့ကြောင့်ပင် လူ့ဘောင် သမိုင်း၌ အဟောင်း အဟောင်းတို့သည် ချုပ်ငြိမ်း၍ အသစ်အသစ်တို့သည် ဖြစ်ပွားနေပေသည်။ သမိုင်း အစဉ်၌လည်း ခေတ်ဟောင်း စနစ်ဟောင်းများ ချုပ်ငြိမ်းနေစဉ်မှာပင် ခေတ်သစ် စနစ်သစ်များသည် ဖွဲ့စည်း ဖြစ်ပေါ်နေလေသည်။

ခေတ်ဟောင်း စနစ်ဟောင်းများ၏ အတွေ့အကြုံများကိုယူ၍  လူတို့သည် မိမိတို့၏ လူ့ဘောင်ဖွဲ့စည်းမှုကို ပြုပြင်ရန် ကြံစည်အားထုတ်ရင်း ခေတ်သစ် စနစ်သစ်တို့ကို တွေးခေါ်မြော်မြင် ကြံစည်ရင်း နိုင်ငံရေး အတွေးအခေါ် တို့သည်လည်း ပြောင်းလဲ့ဖြစ်ပေါ်နေလေသည် ။

နိုင်ငံရေးအတွေးအခေါ်တို့သည် အကြွမ်းမဲ့ မှန်ကန်သော ပရမတ္တသစ္စာများမဟုတ်ပေ၊ ကာလဒေသ ကိုးကွယ်ရာဘာသာအရပြောင်းလဲနေသော အခြေအနေများဖြစ်၍ ထိုအခြေအနေများဖြစ်ထွန်း ပေါ်ပေါက် လာသော အခိုက်အတန့်အားဖြင့်သာ မှန်ကန်နေသည့်   သမုတ္တိသစ္စာများပင် ဖြစ်ကြသည်။ လူ့ဘောင် သမိုင်း၏ ဖြစ်ပေါ်မှုအစဉ်သည် မရပ်မနားပြောင်းလဲ့နေသလို ထိုပြောင်းလဲ့မှုသည်လည်း တပြေးတည်း တညီတညွတ်တည်းမဟုတ်ပဲ မညီမညာစွာပင် ဖြစ်ပေါ်လျက်ရှိပေသည် ။

ထို့ကြောင့် ပြောင်းလဲမှုအစဉ်နှင့် ထပ်ကြပ်မကွာပါရှိခဲ့သော နိုင်ငံရေးအတွေးအခေါ် တို့သည်လည်း တစ်သဘောတည်း တညီတညွတ်တည်း မဖြစ်နိုင်ပေ။ နိုင်ငံရေးအတွေးအခေါ်တို့၌ အစဉ်ပင် ပြောင်းလဲ နေသော သဘာဝသည် ရှိနေပေသည်။ မညီမညာ ဖြစ်ပေါ်ပြောင်းလဲနေသော လူ့သမိုင်းအစဉ်၌ နိုင်ငံရေး အတွေးအခေါ်တို့၏ ပြောင်းလဲမှုများကို ဆန်းစစ်ဖို့လိုပေသည်။

လူ၏ မူလသဘာဝစိတ်သည် မိမိ၏အကျိုးစီးပွား (အတ္တဟိတ)ကို ရယူလိုသောစိတ်ဖြစ်၏။ သို့ရာတွင် လူသည် တစ်ကိုယ်တည်း နေထိုင်၍မရချေ၊ မိမိ၏ ဘဝရပ်တည်ရေးတည်းဟူသော အသက်မွေးမှု ပြဿနာများကို ဖြေရှင်းရန်အတွက်လည်းကောင်း၊ သဘာဝအင်အားစု၏ ဖိစီးမှုများနှင့် အခြားဘေးရန် အန္တရာယ်များကို တွန်းလှန်ရန်အတွက်လည်းကောင်း လူသည် မိမိကဲ့သို့သော အခြားလူအများနှင့် ဆက်ဆံလာရသည် ။

ထိုသို့ လူအချင်းချင်း ဆက်ဆံပေါင်းသင်းရသော လူ့အဖွဲ့အစည်းတွင် လူသည် မိမိ၏ အကျိုးကို ရယူလို သောကြောင့်ပင် မိမိကဲ့သို့သော ကိုယ်ကျိုးကို ရယူလိုသည့် အခြားလူများနှင့် ဆက်ဆံလာရ၏  ယင်းသို့ လူအချင်းချင်း  ဆက်ဆက်ဆံပေါင်းသင်းရာ၌ မိမိအပေါင်းအသင်း၏ အကျိုးစီးပွားတည်းဟူသော ပရဟိတ ကိစ္စများကိုလည်း မလွှဲသာပဲ လုပ်ဆောင်လာရပေ၏။

လူ့ဘောင်အဖွဲ့အစည်းတွင် လူလူချင်း ဆက်ဆံပေါင်းသင်း နေထိုင်လာရာ၌ သူ့အကျိုးနှင့်ကိုယ့်အကျိုး (ပရဟိတနှင့် အတ္တဟိတ) နှစ်ရပ်ကို မျှတအောင် ပေါင်းစပ်ကာ အကျိုးတူနေထိုင်မှု ဘဝ အယူအဆကို ရှေးဦးမဆွကပင် လူသားတို့က ယုံကြည်သက်ဝင်ခဲ့ကြ၏။

ထိုနောက် မိမိတို့ကိုးကွယ်အားထားရာ ဘာသာရေးအသိတို့ဖြင့်ဘဝကိုရှင်သန်နေထိုင်ကြပါသည်။

သို့ရာတွင် နိုင်ငံတော်အာဏာသည် လူ့ဘောင်ကို လွှမ်းမိုး၍ တန်ခိုးကြီးထွားသောအခါ ထိုနိုင်ငံတော် အာဏာကို ကိုယ်စားပြုသော သို့မဟုတ် ထိုအာဏာကို ကိုင်တွယ်၍ စေစားသောလူတစ်ဦး၊ လူတစ်စု၊ လူတန်းစားတစ်ရပ်က လူအများကို စုစည်းချုပ်ကိုင်သည့် အတင်းအကျပ်ပြုလုပ်မှု အယူအဆသည်လည်း ပေါ်ပေါက်လာနိုင်ပါသည်။

ထိုအရာကိုတော့ အာဏာရှင်ဟု သုံးသပ်ခေါ်ဆိုကြပါသည်။

ထို့ကြောင့် လူ့ဘောင်အဖွဲ့အစည်းတွင် နိုင်ငံရေးအတွေးအခေါ်တို့၏ ပင်ရင်းသဘောတရား နှစ်ရပ်ဖြစ်သည့် အကျိုးတူနေထိုင်မှု အယူအဆနှင့် အတင်းအကျပ်ပြုလုပ်မူ အယူအဆနှစ်ရပ်သည် ဆန့်ကျင်စွာ ဖြစ်ပေါ် ခဲ့ကြ၏။ ထိုသို့ ဆန့်ကျင်စွာဖြစ်ပေါ်ခဲ့သော အယူအဆနှစ်ရပ်သည် ရန်ဖက် ပဋိပက္ခအဖြစ် သမိုင်း တစ်လျောက်လုံး၌ အစဉ်ပင် မရပ်မနားသော တိုက်ပွဲများကို ဖြစ်ပွားစေခဲ့၏။ ထိုရန်ဖက် ပဋ္ဋိပက္ခ အယူအဆ နှစ်ရပ်၏ စပ်ကြား၌လည်း နိုင်ငံရေးအတွေးအခေါ်များသည်  အသွင်အမျိုးမျိုးဖြင့် ပေါ်ထွန်းခဲ့သည်။ ထိုသည်မှာ အုပ်ချုပ်သူ အာဏာရအစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူတို့၏ အတိုက်အခံ သဘောများပင် ဖြစ်ပါသည်။

မူလက ဘဝတူ၊ အကျိုးတူနေထိုင်ခဲ့သော လူ့ဘောင်ဘဝ၏ ဖွဲ့စည်းမှုတွင် ချုပ်ကိုင်အပ်သော အာဏာရပ် ကို အတ္တဟိတ၏ လက်နက်သဖွယ်အသုံးပြုလာခြင်းဖြင့်  လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့သည် လူအများအား ခေါင်းပုံဖြတ်၍ ချယ်လှယ်ခြင်း လူမျိုးရေးဘာသာရေးအရဖိနှိပ်မှုတို့ဖြင့်ချယ်လှယ်ခြင်းစသည် စနစ်ဆိုးများသည် ခေတ်အဆက်ဆက် ဖြစ်ပေါ်မှုအဆင့်တွင် အသွင်အမျိုးမျိုး ဖြစ်ပေါ်ခဲ့ကြပါသည်။ သို့ရာတွင် လူသည် အတ္တဟိတ၏ လှုံ့ဆော်မှုကြောင့်ပင် အပေါင်းအသင်း၏ အနှောင်အဖွဲ့များမှ လည်းကောင်း ဘဝအခက်အခဲများမှလည်းကောင်း လွတ်မြောက်ရန်၊ ကျော်လွန်ရန် အခွင့်သာတိုင်း ကြိုးပမ်းလေ့ရှိသည်။ လူသည် လွတ်လပ်စွာ နေထိုင်ဆောင်ရွက်ချင်တတ်၏၊ ဤသည်မှာ လူ၏ဗီဇစိတ်၊ လူ၏သဘာဝစိတ်ပင်ဖြစ်သည် ။

နိုင်ငံရေးဖိနှိပ်မှု ဘာသာရေးဖိနှိပ်မှုစသော ဖိနှိပ်မှု အချုပ်အချယ်၊ အနှောင်အဖွဲ့၊ အတားအဆီး၊ အကျဉ်းအကျပ် များထဲ၌ လူတို့သည် မလွဲသာပဲ နေရသော်လည်း အခွင့်အခါကြုံတိုင်း ဘဝတူအကျိုးတူ လူအချင်းချင်းပေါင်းစည်းကာ ချုပ်ချယ်မှု အနှောင်အဖွဲ့တို့မှ ရုန်းကန်ကြ၏ ။လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ တို့၏ အာဏာစက်ကို တုံ့ပြန်ချိုးဖျက်ကြ၏။ လူအများက လူတစ်စု၏ အာဏာကို ချိုးဖျက်ပြီးနောက် လွတ်လပ်မှု နယ်ကျွံကာ လူအများကပင် မီးများမီးနိုင်၊ ရေများရေနိုင် လွှမ်းမိုးချယ်လှယ်လာတတ်ကြ၏၊ ထိုအခါတွင် လူ့အဖွဲ့အစည်းသည် အကွပ်မရှိ ပရမ်းပတာဖြစ်လာသည့်အခါ ထိန်းချုပ်ရန် အာဏာရပ် အသစ်သည်၊ တစ်ဖန်ပေါ်လာပြန်သည် ၊ထိုအာဏာရပ်ကပင် လူအများအား ပြန်လည်စိုးမိုးပြန်လေသည်။

ဤသို့လျှင် လူ့သမိုင်း၌ ဖြစ်ပျက်ပြောင်းလဲ့လာခဲ့၏၊ အမှန်အားဖြင့် သဘာဝကျစွာ ဖြစ်ထွန်းရမည့် လူ့ဘောင်၏ ဖွဲ့စည်းမှု၌မူကား လူ့အဖွဲ့အစည်းကိုတင်းကျပ်စွာ ချုပ်ကိုင်မှုဟူသော တင်းလွန်းခြင်းနှင့် လူတို့၏ လွတ်လပ်မှုနယ်ကျွံခြင်းတည်းဟူသော လျော့လွန်းခြင်း အစွန်းနှစ်ဖက်မှ ကင်းလွတ်မှသာ အေးချမ်းသာယာမှုကို ရနိုင်မည်ဖြစ်သည်။ လူ့အဖွဲ့အစည်းကိုပျိုးထောင်ရာ၌ဖြစ်စေ ထိန်းကျောင်းရာ၌ ဖြစ်စေ ပြုပြင်စီမံရာ၌ဖြစ်စေ မလျော့မတင်းသော မဇ္ဈိမ ပဋိပဒါ ကျင့်စဉ်မျိုးသည်သာလျှင် နိုင်ငံရေးကျင့်ထုံး စနစ်တစ်ရပ် ဖြစ်သင့်ပေသည် ။

နိုင်ငံရေးအတွေးအခေါ်၌ အစွန်းနှစ်ရပ်ကို မပယ်နိုင်သေးသရွေ့ကာလပတ်လုံး၊ ထိုအစွန်းနှစ်ရပ်ကို ပယ်ရှား နိုင်မည့် မလျော့မတင်းဖြစ်သော မဇ္ဈိမ ပဋိပဒါနည်းကို မကျင့်သုံးနိုင်သရွေ့ကာလပတ်လုံး လူ့ဘောင်၏ နိုင်ငံရေးကို လက်တွေ့ကျင့်သုံးရာ၌ မှားယွင်းသောအဖြစ်အပျက်များ ၊မလိုလားအပ်သော အနိဋ္ဌာရုံများကို မျက်မှောက်ပြု၍ နေရမည်သာဖြစ်သည်။

ရိုးရာယဉ်ကျေးမှု ကိုးကွယ်ရာဘာသာရေးဟူသော အမျိုးသားရေးကတစ်ဘက် နိုင်ငံတကာစံနှုန်း ဟူသော ဒီမိုကရေစီရေးကတစ်ဘက် ထိုနှစ်ဘက်သည်မျှတရပေမည်။

လူ့အဖွဲ့အစည်းတွင် အချင်းချင်း ပေါင်းသင်းဆက်ဆံနေကြသော လူအသီးသီးတို့သည်၊ ဖောက်ပြန် တတ်ကြသည်။ နိုင်ငံရေးဖေါက်ပြန်ခြင်း ဘာသာရေးဖေါက်ပြန်ခြင်း စသည် ထိုဖောက်ပြန်တတ်သော လူတို့၏ ဒုစရိုက်တရားကို အစဉ်စစ်ဆေး ထိန်းသိမ်းနိုင်ရန် အကြင်လူ့အဖွဲ့အစည်းတစ်ရပ်၌ အတ္တဟိတ (မိမိအကျိုးစီးပွား)နှင့် ပရဟိတ(သူတပါးအကျိုးစီးပွား) နှစ်ရပ်ကို သမမျှတအောင် ပေါင်းစပ်၍ ထိန်းကျောင်း ပေးရပေမည် ။

ထိုသို့ လူ့ဘောင်အဖွဲ့အစည်းကို ထိန်းကျောင်းပေးနိုင်ရန် အတွက် အတိတ်မှ နိုင်ငံရေးအတွေးအခေါ် ဘာသာရေးအတွေးအခေါ်တို့ကို လေ့လာ၊ သုံးသပ်၊ စီစစ်ဝေဖန်ဖို့လို၏ ။ အမှန်အားဖြင့် အတိတ်မှ နိုင်ငံရေး အတွေးအခေါ်ဘာသာရေးအတွေးအခေါ်တို့ကို လေ့လာခြင်းသည်၊ လူတွေ၏ ဖြစ်စဉ်သမိုင်းကို လေ့လာခြင်း ဖြစ်ပေသည်။

ထိုသို့ အတိတ်မှ နိုင်ငံရေးအတွေးအခေါ်ဘာသာရေးအတွေးအခေါ်များကို လေ့လာ၊ သုံးသပ်၊ စီစစ် ဝေဖန်ရာ ၌ ယထာဘူတကျကျ ၊ ဓမ္မဓိဋ္ဌာန်ကျကျ  ပကတိရှိရင်းစွဲအတိုင်း လေ့လာသုံးသပ်ဖို့လို၏။

ထိုသို့ လေ့လာသုံးသပ်ပြီး အတိတ်မှရသော အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်ကာ ပစ္စုပ္ပန်ဘဝ၌ အပြုသဘောအားဖြင့် အကျိုးရှိမည့် အချက်အလက်၊ အယူအဆ၊ သဘောတရားတို့ကို ဝဲယာ အစွန်းများမှ ရှောင်ရှား၍ အသုံးပြုပါက နိုင်ငံရေးအတွေးအခေါ်တို့သည် လူသားတို့၏ မျက်မှောက်ဘဝကို ပြန်လည်၍ ကျေးဇူးပြုမည်သာဖြစ်သည်။

နိုင်ငံရေးအတွေးအခေါ်တို့မည်သည် ယာယီသစ္စာ (သမုတိသစ္စာ) မျှသာဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် ကာလဒေသ  နှင့် ကိုးကွယ်ရာ ဘာသာရေးအရ ပြောင်းလဲနေသော အခြေအနေများအရ အကျိုးရှိအောင် အသုံးပြုတတ်ပါမူ ထိုနိုင်ငံရေး အတွေးအခေါ်တစ်ရပ်သည် ထိုလူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်မည်ဖြစ်သည်။ သို့သော်လည်း လူ့ဘောင်၏ သမိုင်းစဉ်သည် အစဉ်မပြတ်ပြောင်းလဲနေပေရာ တွေးခေါ် ကျင့်ကြံသော နိုင်ငံရေး အတွေးအခေါ်တို့သည်လည်း ပြောင်းလဲနေသော ဖြစ်စဉ်နဲ့အတူ ဟပ်မိ အောင် လူတို့က ဦးဆောင်စီမံရသည် ။

ယင်းသို့ ပြောင်းလဲနေသော ဖြစ်စဉ်နှင့်ကိုက်ညီအောင် နိုင်ငံရေး အတွေးအခေါ်တို့ကို ရှေ့ဆောင်စီမံရာ၌ အခြေခံအကျဆုံးဖြစ်သော ရိုးရာယဉ်ကျေးမှု ဘာသာတရားတို့ကို လက်မလွတ်စေပဲ တော်သည့် ဖြောင့်မှန် သော မဇ္ဈိမ ပဋိပဒါ လမ်းကျသည့် နည်းဗေဒကို အစဉ်သုံးစွဲမှသာလျှင် မှန်ကန်သော အတွေးအခေါ် တို့ကို ရနိုင်မည်ဖြစ်သည်။ ဤသို့လျှင် စီစစ်ဝေဖန်သောစိတ်ဓာတ်ဖြင့် နိုင်ငံရေးအတွေးအခေါ်များ၏သမိုင်းကို လေ့လာ သုံးသပ်ခြင်းမှ ရအပ်သော အကျိုးကျေးဇူးသည်ပင်လျှင် နိုင်ငံရေးအတွေးအခေါ်၏ တန်ဖိုးကြီး ဖြစ်ပေသည်။

နိုင်ငံရေးသဘောတရား အတွေးအခေါ်တို့မည်သည် အတွေးအခေါ်အတွက် သက်သက် လေ့လာရေး မဟုတ်ပေ။ အတွေးအခေါ် အယူအဆတို့မှာ သမိုင်း၏ လူနေမှုဘဝ ရိုးရာယဉ်ကျေးမှု ကိုးကွယ်ရာ ဘာသာတရားတို့၏ တကယ့်ဖြစ်ရပ်များမှ ဖော်ထုတ်ထားခြင်းဖြစ်လေရာ ထိုလက်တွေ့မှရသော သဘောတရား အယူအဆတို့ကို လက်တွေ့ဘဝနှင့် ဟတ်မိအောင် ကျင့်သုံးရေးအတွက်သာ ဖြစ်သည် ။

သို့မှသာ နိုင်ငံရေးအတွေးအခေါ်၏တန်ဖိုးကို လူတို့၏ လက်တွေ့ဘဝက ပြည်လည်၍ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ သမိုင်း၏ အတက်အကျ အဆိုး အကောင်း၊ တိုးတက်မှု ဆုတ်ယုတ်မှုများကို  လူတို့၏ လက်တွေ့ဘဝကသာ ပြဋ္ဌာန်းလေ့ရှိရာ ပစ္စုပ္ပန်လူ့ဘောင်၏အကျိုးကို တကယ်တမ်းဖြစ်မြောက်အောင် ပြုလုပ်ရာ၌ အတိတ်၏ နိုင်ငံရေး အတွေးအခေါ်များထဲမှ မကောင်းသည်ကိုရှောင်၍ ကောင်းသည်ကို ဆောင်ခြင်းသည် နိုင်ငံရေး အတွေးအခေါ်သမိုင်း၏ လေ့လာရေး တန်ဖိုးကို ဖော်ဆောင်ခြင်းဖြစ်ပေသည်။

ရှေးဦးကျသော လူ့အဖွဲ့အစည်းများသည် ၊ မိမိတို့၏ လုံခြုံရေးကို အကြောင်းပြု၍ ရန်သူများနှင့် စစ်ခင်း ခဲ့ရသော်လည်း နောင်တွင် မြေယာခင်တွယ်မှုကြောင့် အတည်တကျ အခြေစိုက်၍ နေလာကြရင်း မိမိတို့ ပိုင်ဆိုင်သော မြေယာဒေသကိုနယ်နမိတ်များသတ်မှတ်ကာ သိမ်းယူလာကြ၏။

ထိုသို့ နယ်မြေကို သတ်မှတ်သိမ်းယူကြရင်း လက်နက်နှင့် အသိညဏ် အင်အားကောင်းသူများက လက်နက်ချို့တဲ့ပြီး အသိညဏ်နည်းပါးသူတို့၏ နယ်မြေဒေသများကိုပါ တိုက်ခိုက်သိမ်းပိုက်လာကြ၏ ။

ထိုအခါတွင် စစ်ရှုံးသောဖက်မှ လူမျိုးနွယ်စုများသည်၊ အစုလိုက် အပြုံလိုက် ကျေးကျွန်ဖြစ်ကုန်ကြ၏။ စစ်နိုင်သူများက မိမိတို့ပိုင်ဆိုင်သော ကျယ်ပြန့်သည့်ဒေသတွင် ကျေးကျွန်များကို ခိုင်းစားလာကြ၏။ လူမှုဆက်ဆံရေး၌လည်း၊ သခင်လူတန်းစား၏ အခွင့်အရေးနှင့် ကျေးကျွန်လူတန်းစား၏ အလုပ်တာဝန် များဟူ၍ ထပ်မံပြီး ကွဲပြားခြားနား လာကြလေသည် ။

ဤတွင် လူ့အဖွဲ့အစည်း၏ အဆောက်အအုံသည် ပိုမို၍ကြီးထွားလာ၏ ။ ကြီးထွားလာသည်နှင့်အမျှ နေ့စဉ် တွေ့ကြုံရသော လူမှုကိစ္စများသည်လည်း များပြားလာ၏။ များပြားလာသော လူမှုကိစ္စများကို ဆောင်ရွက် နိုင်ရန်အတွက် အခွင့်အာဏာရပ်များသည်လည်း အုပ်စိုးသူ လူတန်းစားများလက်ဝယ်သို့ စုံပုံ၍ ရောက်ရှိ ခဲ့လေသည် ။

ထိုအာဏာကို စုစည်း၍ ကိုင်တွယ်လာ၍သာ အုပ်စိုးသူ လူတန်းစား၏ တန်ခိုးအာဏာသည်လည်း မြင့်မားကြီးထွားလာ၏။ တစ်ဖက်မှ ကိုးကွယ်မှုနှင့်ဆက်စပ်ကာ သွန်သင်ညွန်ပြသော ဘာသာရေး ဆရာများ၏ အားပေးမှုများနှင့် နိုင်ငံရေးအာဏာတို့ကို ပေါင်းစပ်လိုက်သောအခါ အုပ်စိုးသူများသည် ၊ တန်ခိုးအာဏာ ဆိုသော လုပ်ပိုင်ခွင့်များကို ရရှိလာကြ၏ ။

ထိုအုပ်စိုးသူ လူတန်းစားတို့သည်၊ မိမိတို့ကိုယ်ကိုပင် အရာရာကိုလုပ်နိုင်သည်ဟူ၍ယုံမှတ်လာကြ၏။ သို့ဖြင့်ပင် အုပ်စိုးသူများသည်၊ နိုင်ငံရေးအာဏာကို ခိုင်မာစွာ ဖွဲ့စည်းပြီး လူ့အဖွဲ့အစည်း၏ သက်ဦးဆံပိုင် ဘုရင်ကြီးများအဖြစ်သို့ တသီးတခြားရောက်ရှိလာကြလေသည် ။

နိုင်ငံရေး တွေးခေါ်မှုနှင့် စပ်လျဉ်း၍ အစိုးရ(သို့မဟုတ်)မင်း၏အာဏာ ကင်းနေပါက လူ့ဘောင် အဖွဲ့အစည်း တွင် အားကြီးသူက အားနည်းသူကို ညှဉ်းဆဲနိုင်မည့် အန္တရာယ်ရှိခြင်းကြောင့် နိုင်ငံတော်အာဏာရပ်နှင့် ယင်း၏စိုးပိုင်ခွင့်သည် ပေါ်ထွန်းလာရသည်။ အပြစ်ရှိသူကို အပြစ်ပေးနိုင်ရန် နိုင်ငံအစိုးရ(သို့မဟုတ်) အုပ်စိုးသောမင်းက တရားဥပဒေသတ်မှတ်ကာ လူလူချင်းကျုးကျော်စော်ကားမှု လူတစ်ဦးချင်း၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်မှုနှင့် ရပ်ရွာအေးချမ်းသာယာမှုအတွက် ဆောင်ရွက်ရလေသည်။ ထို့ကြောင့် နိုင်ငံတော် အာဏာရပ်သည် လူ့အဆောက်အအုံ၌ စိုးပိုင်ရပေသည် ။

နိုင်ငံရေး အတွေးအခေါ်အရ အာဏာပိုင်မှုသည် နိုင်ငံ၏ အုပ်ချုပ်သူမင်းအဖြစ် ပေါ်ထွန်းလာရပြီး ထိုမင်းသည်ပင်လျှင် အပြစ်ကျုးလွန်ပါက သာမန်နိုင်ငံသား တစ်ဦးကဲ့သို့ပင် အပြစ်ဒဏ်ကို ခံစေရမည ဖြစ်သည် ။

လူ့အဖွဲ့အစည်း၌ မင်း၏ အာဏာသည်ပင်လျှင် ခိုင်မြဲသောအရာမဟုတ် မင်းသည် တရားသဖြင့်ကျင့်လျှင် ထိုမင်း၏ အာဏာရပ်သည် တည်တံ့သလို မတရားမှုပြုမှုပြန်ပါက မင်း၏ အာဏာကိုပင် ပြန်လည် ရုတ်သိမ်းခွင့် ရှိပြီး မင်းကိုပါ အပြစ်ဒဏ်ခတ်ရမည် ဖြစ်သည်။

နိုင်ငံရေးနှင့် ဘာသာာရေးအတွေးအခေါ်၌ မင်း၏ အာဏာရပ်ကို ပြန်လည် ထိန်းသိမ်းကွပ်ကဲရေးအတွက် ရန်သူမျိုးငါးပါးဝယ် မင်းကိုတစ်ပါးထည့်ထားသည်ကိုလည်းတွေ့ရပေမည်။ ထို မင်းသည် တိုင်းပြည်၏ လူမျိုး များကိုဖိနှိပ်လာလျှင် တိုင်းပြည်၏ ကိုးကွယ်ရာ ဘာသာတရားကိုဖိနှိပ်လာလျှင် ထိုမတရားသော မင်းကို ပြည်သူများမှတုံ့ပြန်ဆန့်ကျင်ရေးများကိုပြုလုပ်လာနိုင်ကြပါသည် ။

“ပြည်တင်းက မင်းမခံနိုင်” ဟူသော ဆိုရိုးစကားအရ တိုင်းပြည်၏ လူမျိုး ဘာသာကို ဖိနှိပ်ချုပ်ချယ်သော မတရားသောအစိုးရ (သို့မဟုတ်) မင်းများကိုလည်း ဆန့်ကျင်တော်လှန်ရခြင်းသည် ပြည်သူတို့၏တာဝန် အဖြစ် ဖြစ်လာပါတော့သည်။

အချုပ်ဆိုရသော် တိုင်းပြည်နိုင်ငံရေး လူ့ဘောင်အဖွဲ့အစည်း တွင် သက်ဆိုင်ရာ အာဏာပိုင် အစိုးရမင်း တို့သည် အုပ်ချုပ်ခံပြည်သူများအတွက်မဖြစ်မနေရှိနေရမည်မှာမှန်ပါသော်လည်း ထိုတိုင်းပြည်၏ လူမျိုး ယဉ်ကျေးမှု ကိုးကွယ်ရာဘာသာတရား တို့ကိုဖိနှိပ်ချုပ်ချယ်သော နိုင်ငံရေး စနစ်မျိုးဖြင့်ထို မင်းမှ အုပ်ချုပ်လာပါက အုပ်ချုပ်ခံပြည်သူတို့ကလည်း ထိုအာဏာရ အစိုးရမင်းတို့ကို ဆန့်ကျင်တော်လှန် သွားရမည် မှာ ဓမ္မတာပင်ဖြစ်ပါကြောင်း သုံးသပ်ဝေဖန်တင်ပြအပ်ပါသည်။

သူရဇော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။