Trending Now

ထင်းအစား လျှပ်စစ်ကို ဘယ်တော့များမှ အစားထိုးနိုင်မလဲ

Spread the love

ထင်းအစား လျှပ်စစ်ကို ဘယ်တော့များမှ အစားထိုးနိုင်မလဲ
EPN
ဆောင်းပါး၊ ဇူလိုင် ၁၃
ကောင်းဇေ ရေးသည်။
မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင် လိုအပ်ချက် မြင့်မားနေတဲ့ နိုင်ငံတစ်ခုလို့ ပြောလို့ရပါတယ်။ လျှပ်စစ်စွမ်းအင် လိုအပ်ချက် မြင့်မားနေပေမဲ့ အစိုးရအဆက်ဆက်က လျှပ်စစ်ကို ဦးစားပေးကဏ္ဍတွေမှာ ထားရှိဆောင်ရွက်ခဲ့တာမျိုးတော့ မတွေ့ခဲ့ရပါဘူး။ လျှပ်စစ်ကို အပြည့်အဝ မရရှိတဲ့အတွက် ကျေးလက်ဒေသတွေမှာ ထင်းလောင်စာကို အသုံးပြုနေရတာကြောင့် သစ်တောပြုန်းတီးမှုကို.ဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာသစ်တောပြုန်းတီးမှုကိုမြင့်မားစေပါတယ်။ ကမ္ဘာသစ်တောပြုန်းတီးမှုမှာ မြန်မာနိုင်ငံဟာ တတိယအဆင့်မှာရပ်တည်နေပြီး သစ်တောပြုန်းတီးစေတဲ့ အကြောင်းအရင်းများ စွာရှိတဲ့အထဲကမှ အဓိကအကြောင်းအရင်းနှစ်ရပ်ကတော့ သစ်ခိုးထုတ်မှုနဲ့ ထင်းလောင်စာအသုံးပြုမှုပဲဖြစ်ပါတယ်။ ဒေသခံတောင်ပေါ်နေ ပြည်သူများဟာ အိမ်တွင်း မီးဖိုချောင်မှာ ထင်းကို အားထားပြီး ချက်ပြုတ် စားသောက် နေရတဲ့ ကာလဟာ အခုအချိန်ထိ ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ စားသောက်နေဖို့ ထင်းဟင်း လျာတွေကို ချက်ပြုတ်ဖို့ အသုံးပြုရပါတယ်။
အချို့ အိမ်မွေးတရိစ္ဆာန်တွေ ရှိတဲ့ မိသားစုတွေကတော့ သူတို့အတွက်ပါ ထပ်ပြီး အစာချက်ပြုတ်ပေး ရတာ ဖြစ်ပါတယ်။ ထင်းမသုံးတဲ့ အချို့ မြို့မရောက် တောမရောက်ဒေသတွေမှာ ကျပြန်ရင် ထင်းအစား မီးသွေးခဲတွေကို အသုံးပြုကြပါတယ်။ မီးသွေးခဲကလည်း ထင်းကနေတစ်ဆင့် မီးသွင်းပြီး ထုတ်ယူခဲ့တာ ဖြစ်တဲ့အတွက် သစ်ပင် ပြုန်းတီးတာခြင်း အတူတူပဲဖြစ်ပါတယ်။ ထင်း၊ မီးသွေးတွေ အသုံးမပြုဘဲ နဲ့လည်း နေ့စဉ် ဝမ်းစာရေး ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဒါကြောင့် ရတဲ့ ထင်း၊ မီးသွေးတွေကို အသုံးပြု ချက်ပြုတ်နေရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းအနက်မှ ၇ဝ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတယ်ဆိုတာကြောင့် ကျန်တဲ့ ၃၀ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်တဲ့ပမာဏလို့တွက်ချက်နိုင်ပါတယ်၊ နိုင်ငံလူဦးရေရဲ့ ၃၀ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိအသုံးပြုနိုင်သေးတယ်ဆိုတာကြောင့် လျှပ်စစ်ဓါတ်အားကို မြို့ပြဒေသတွေသာ အသုံးပြုနိုင်သေးတယ်လို့ ယူဆနိုင်ပါတယ်။ ဒီပမာဏကိုကြည့်ခြင်းအားဖြင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာ မြင့်မားနေဆဲဆိုတာပေါ်လွင်ပါတယ်။ လိုအပ်ချက် မြင့်မားမှုနဲ့အတူ ထင်းလောင်စာသုံးစွဲမှုကလည်း လျှပ်စစ်လိုအပ်ချက်နှင့်ဆတူ မြင့်တက်နေတယ်ဆိုတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။
အိမ်ထောင်စု တစ်စုချင်းရဲ့ ထင်းမီးသွေးအသုံးပြုမှုပမာဏ ကျေးလက်ဒေသအိမ်ထောင်စုတစ်စုက တစ်နှစ်လျှင် ၂ ဒဿမ ၅ တန်၊ မြို့ပြအိမ်ထောင်စုတစ်စုက တစ်နှစ်လျှင် ၁ ဒဿမ ၄ တန် အသုံးပြုနေကြပါတယ်။ စွမ်းအင်အတွက် ကျေးလက်ရာမြို့ ပြပါ သစ်ကိုစွမ်းအင်အဖြစ်အသုံးပြုနေတာမို့ တစ်နှစ်လျှင်သစ်ကုဗ ၁၈ သန်းခန့်ပြုန်းတီးနေတာဖြစ်ပါတယ်။ ဒီလို အခြေအနေကိုကြည့်ရင် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာ သစ်တောပြုန်းတီးမှုကိုမြင့်မားစေတယ်ဆိုတာ ပေါ်လွင်သလို သစ်တောပြုန်းတီးမှုကြောင့် ဖန်လုံအိမ်အာနိသင်ကို လျော့ချနိုင်ခြင်းမရှိတာ၊ ရေကြီးတာ မြေပြိုတာတွေအထိ ဖြစ်ပေါ်စေနိုင်တာကို သိရှိပြီးဖြစ်မှာပါ။
မီးသွေးလောင်စာ အသုံးပြုမှုပမာဏကိုကြည့်ပါကလည်း ကျေးလက်ဒေသ အိမ်ထောင်စု အသုံးပြုမှုမှာ ၈၆ ဒဿမ၂ ရာခိုင်နှုန်းရှိပြီး မြို့ပြဒေသ အိမ်ထောင်စု အသုံးပြုမှုက ၂၅ ဒဿမ ၆ ရာခိုင်နှုန်းက ထင်းမီးသွေးအသုံးပြုနေကြပါတယ်။ လျှပ်စစ်ဓါတ်အားရရှိအသုံးပြုနေပါတယ်ဆိုတဲ့ မြို့ပြဒေသလို နေရာမျိုးမှာတောင်ထင်းမီးသွေး အသုံးပြုနေရဆဲ ဖြစ်တယ်ဆိုတာကို တွေ့မြင်ရမှာပါ။ လျှပ်စစ်ဓါတ်အားကို အကန့်အသတ်ဖြင့်အသုံးပြုနေရတာရယ် ဓါတ်အားပြတ်တောက်မှုများပြားတာရယ်ကြောင့် ထင်း၊မီးသွေး အသုံးပြုနေရဆဲဖြစ်ပါတယ်။
ဒီလိုကျေးလက်နေပြည်သူတွေအနေနဲ့လည်း ထင်း၊ မီးသွေးတွေကို နှစ်ကာလ အကြာကြီး သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာတောင် ကားလမ်း ပေါက်ရောက်ပြီးဖြစ်တဲ့ ကျေးလက်ရွာတွေမှာ ထင်း ခုတ်ထွင်ဖို့အတွက် သစ်ပင်တွေ ရှားပါးလာတဲ့အချက်က အဓိကသက်သေလို ဖြစ်နေပါပြီ။
မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို ကြည့်မယ်ဆို သစ်ပင်တွေနဲ့ စိမ်း လန်းစိုပြေနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။အကြောင်းကတော့ တရုတ်အစိုးရက သစ်ပင်သစ်တောတွေကို အရမ်းကို တန်ဖိုးထားလို့ဖြစ်ပါတယ်။ အစိုးရကလည်း သစ်ပင်တွေ မခုတ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ တားမြစ်ထားတဲ့ သစ်ပင်တွေ ခုတ်တာ တွေ့ ခဲ့လို့ရှိရင် အပြင်းထန်ဆုံး အရေးယူမှုဖြစ်တဲ့ သေဒဏ်အထိကို အရေးယူမှုတွေ ရှိတယ်လို့လည်း ကြားသိခဲ့ရဖူးပါတယ်။ ဒီလို သစ်ပင်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ မပျက်စီးစေဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ တရုတ်ပြည်မကြီးတွေက မြို့ တော်ကြီးတွေကို မပြောလိုဘဲ နယ်စပ်တစ်လျှောက် မြို့ ငယ်လေးတွေမှာတောင် ပတ်ဝန်းကျင် စနစ်တကျ ထိန်းသိမ်း ထားတာတွေ့ ရပါတယ်။ သစ်ပင်တွေကို စနစ်တကျ စိုက်ပျိုး ထိန်းသိမ်းထားကြပါတယ်။ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးကို အလုံအလောက် ပေးစွမ်းနိုင်တဲ့အတွက် စက်မှုဇုံတွေ၊ လုပ်ငန်းခွင်တွေ၊ အိမ်သုံးလုပ်ငန်းခွင်တွေ အားလုံးမှာ မီးအတွက် အခြားကဏ္ဍကနေ ထုတ်ယူစရာမလို တော့ပါဘူး။ဒါကလည်း သစ်တောပြုန်းတီးမှုကို ကာကွယ်နည်း တစ်မျိုးပါပဲ။
ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဖြစ်စေ၊ နေ့စဉ် လူ့ဘဝအသက်ရှင်နေထိုင်ရေးအတွက် လိုအပ် တဲ့ လျှပ်စစ်ကဏ္ဍကို ပြည့်ပြည့်ဝဝ ရှိနေခြင်းဟာ သဘာဝပတ်ဝန်းကျင်နှင့် သစ်ပင်တွေကို သီးသန့် ထိန်းသိမ်းစရာ မလိုတော့ပါဘူး။လျှပ်စစ်ကို ပြည့်ပြည့်ဝဝ ထုတ်ပေးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းပြီးသား ဖြစ်သွားပါပြီ။ ဆိုလိုချင်တာက ရှိနေတဲ့ သစ်တောတွေ ပြုန်းတီးမှု မရှိစေဖို့ ဆိုရင် ကျေးလက်ဒေသတွေမှာ ထင်း၊ မီး သွေးအသုံးပြုတဲ့ စနစ်တွေကို ပြောင်းလဲ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ထင်း၊ မီးသွေး ဆိုတာဟာ တစ်နှစ် တစ်ကြိမ် အသုံးပြုနေခြင်းမဟုတ်ပါဘူး။ နေ့စဉ် လူတွေအသက်ရှင်ဖို့ စားသုံးရသလို အဲဒီ လူတွေ စား သုံးနိုင်ဖို့အတွက် မီးတွေနဲ့ ချက်ပြုတ်ရတာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ လျှပ်စစ်ဓါတ်အားရရှိမှုအပေါ်များစွာမူတည်နေတယ်ဆိုငြင်းမရနိုင်တဲ့အချက်ဖြစ်ပါ တယ်။ လက်တွေ့ အသုံးချလျှပ်စစ်ဓာတ်အားကို ၁၉ရာစု နှောင်းပိုင်းမှာကျယ်ကျယ်ပြန့်ပြန့်တွေ့ ရှိခဲ့ကာ လူနေအိမ်နဲ့ စက်မှု လုပ်ငန်းတွေမှာအသုံးပြုခဲ့ကြပါတယ်။ တစ်ဟုန်ထိုးတိုးတက်ခဲ့တဲ့ လျှပ်စစ်နဲ့သက်ဆိုင်တဲ့နည်းပညာများကြောင့် လူနေမှ အဆင့်အတန်းနဲ့ စက်မှုလုပ်ငန်းတွေလည်း များစွာဖွံဖြိုးတိုးတက်ခဲ့တာပါ။ လက်ရှိကာလမှာ လျှပ်စစ်စွမ်းအင်ဟာ လူသားတွေရဲ့ နေ့စဉ်ရှင်သန် နေထိုင်ရာဘဝမှာ မရှိမဖြစ် လွန်စွာ အဓိကကျတဲ့ အခန်းကဏ္ဍမှာနေရာယူထားပါပြီ။ လျှပ်စစ်နဲ့လွတ်ကင်းတဲ့ လူအသုံးပစ္စည်းမရှိသလောက်ရှားပါးတဲ့အထိ လျှပ်စစ်ကဏ္ဍကအရေးပါလာတာကြောင့် လျှပ်စစ်ဖွံ့ဖြိုးရေးဟာ အရုံစိုက်ရမယ့်ကဏ္ဍတစ်ခုပါ။
ဒီနေ့ခေတ် ကမ္ဘာကြီးကို ကမ္ဘာ့ရွာလို ခေတ်ပြိုင်နေတဲ့ကာလမှာ အခုလိုလျှပ်စစ်ကဏ္ဍကို ကျေးရွာ နယ်စပ်ဒေသ မှာပါ ရရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး၊ နယ်စပ်ကျေးရွာတွေ မကျန် လျှပ်စစ်မီးရရှိအောင် အရင်ဆောင်ရွက်ပေးပြီးမှ အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ဆောင် ရွက်နိုင်မှာပါ။ ဒါပေမယ့်လည်း မြို့ပြလိုနေရာမျိုးမှာတောင် ခုချိန်ထိ လျှပ်စစ်မီးကို လုံလောက်အောင် မပေးနိုင်သေးတဲ့အတွက် ကျေးလက်ဒေသတွေဆိုရင် အလှမ်းဝေးနေအုံးမှာပါ။
အခုဆိုရင် ကျေးလက်နေပြည်သူတွေအဖို့ ထင်းအသုံးပြုဖို့တောင် ရှားပါးလာကြပါပြီ။ ပြောချင်တာက ခုတ်စရာထင်းကအစ ရှားပါးလာပြီလို့ ပြောချင်တာပါ။ သဘာဝအားသာချက်တွေ အများကြီးရှိတဲ့ ဒီလိုနိုင်ငံမျိုးမှာ လျှပ်စစ်ကို သူများနိုင်ငံတွေထက် ဘာကြောင့် နောက်ကျနေသလဲဆိုတာကိုတော့ စဥ်းစားလို့ကို မရတာပါ။ လျှပ်စစ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ ကဏ္ဍတွေဟာ များလွန်းတဲ့အတွက် ရေးမယ်ဆိုရင် ရေးလို့ မကုန်နိုင်ပါဘူး။
လျှပ်စစ်ကို လိုလားတောင့်တမှုကလည်း မြို့ပြလိုနေရာမျိုးသာမကပါဘူး။ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေကပါ လိုလားကြတာပါ။ ဒီလို လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ဆီက အစိုးရလူကြီးမင်းတွေ ဘာ့ကြောင့် တွန့်ဆုတ်နေသလဲဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။ ဘဂ်လားဒေ့ရှ်ဆိုရင်လည်း ကျောက်မီးသွေး စက်ရုံတစ်ခုတည်းကနေ တစ်နိုင်ငံလုံးကို လျှပ်စစ်ဖြန့်ဖြူးပေနိုင်ခဲ့ပါပြီ။ တရုတ်ဆိုရင်လည်း ရေအားလျှပ်စစ်တစ်ခုတည်းကတောင် လူဦးရေ သန်း၇၀ကို လျှပ်စစ်မီးပေးနိုင်တဲ့အထိ တိုးချဲ့ထုတ်လုပ်လာတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာတော့ လျှပ်စစ်ဆိုတဲ့အသံတောင် မကြားရတာ တော်တော်လေးကြာနေပါပြီ။
ပြည်သူတွေလိုလားတောင့်တနေတဲ့ လျှပ်စစ်ကို ပြည်သူ့အရေးအတွက် တွေးပေးစေလိုတာပါ။ လျှပ်စစ်ကိုသာ ကျေးလက် ဒေသတွေအထိ တိုးချဲ့နိုင်မယ်ဆိုရင် ထင်းရှားပါးလာတဲ့ ပြသနာကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်သလို၊သစ်တောပြုန်းတီးမှုကိုလည်း တစ်ဖက်တစ်လမ်းက ကြိုတင်ကာကွယ်ပြီးသား ဖြစ်မှာပါ။ ပြောချင်တာကတော့ ပြည်သူ့အတွက် လျှပ်စစ်ကို စီမံချက်တစ်ခု ခိုင်ခိုင်မာမာ ချစေချင်တာပါ။ သို့လောသို့လော အိမ်မက်တွေကိုလည်း ပပျောက်စေချင်ပါပြီ။ ပြည်သူ့အတွက် ခိုင်မာတဲ့ လျှပ်စစ်ဆိုတာ ဘာလဲဆိုတာကို သိချင်နေတာပါ။ အဓိကမေးခွန်းကတော့ ထင်းအစား လျှပ်စစ်ကို ဘယ်တော့များမှ အသုံးပြုနိုင်မလဲ ဆိုတာပါပဲ။
ကောင်းဇေ ရေးသည်
(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။)
Photo Internet

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။