Trending Now

ဆူညံသံများနှင့် ကချင်ပြည်နယ်နေ့ ပြီးဆုံးခဲ့လေပြီ

Spread the love

ဆူညံသံများနှင့် ကချင်ပြည်နယ်နေ့  ပြီးဆုံးခဲ့လေပြီ 

EPN
အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၁၂

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းမှာ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောင်ပွဲတော်ကြီးကို ကချင်မျိုးနွယ်စု တစ်ခုနှင့်တစ်ခု အတိုက်အခံ၊ အငြင်းအခုံပြုကြရင်း ကျင်းပခဲ့ရရှာသည်။

မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကြီးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများက တက်ရောက် ချီးမြှင့်ခဲ့ကြသော်လည်း စည်ကားသင့်သလောက် မစည်ကားခဲ့ပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြီးခဲ့သည့် ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ ကိုလည်း တက်ရောက်ချီးမြှင့်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့သည့် ကချင်ပြည်နယ်နေ့ အခမ်းအနား နှစ်ကြိမ်လုံးတွင် ပြည်နယ်နေ့ကျင်းပမည့် ခေါင်းစဉ်နှင့်ပတ်သက်၍ ကချင်မျိုးနွယ်စုများအကြား အငြင်းပွားမှု များ ဖြစ်ခဲ့သည်။ ယခု ၇၂ နှစ်မြောက်တွင်ပင် ကျင်းပမည့် ခေါင်းစဉ်နှင့် ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှု ကြောင့် ပွဲတော်ကျင်းပမည့်ရက်ရောက်လုဆဲဆဲမှာတောင် ပွဲကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေဖြင့် အတော်ပင် ခေါင်းစားခဲ့ရရှာသည်။

ကချင်မျိုးနွယ်စု ၆ ဖွဲ့ရှိသည့်အနက် ၅ ဖွဲ့က ကချင်ပြည်နယ်နေ့ အခမ်းအနားဟူသော အမည်ဖြင့် ကျင်းပရန် သဘောတူပြီး အခြားအမည်ဖြင့် ကျင်းပလျှင် မတက်ရောက်နိုင်ကြောင်း အခမ်းအနားမစမှီကတည်းက အသီးသီးထုတ်ပြန်ခဲ့ကြသလို တကယ်လည်း ပြည်နယ်နေ့တွင် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် ယခု ၇၂ နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားသည် ယခင်နှစ်များထက် မစည်ကားသည့်အပြင် အထိမ်းအမှတ် မနောင်အက၊ ဆင်နွှဲသူများလည်း မရှိသလောက်နည်းပါးခဲ့၍ ပွဲမစည်လှပေသည်။ ဆိုလိုသည်မှာ ယခင်နှစ်များထက် အဓိပ္ပာယ် နည်းပါးခဲ့သည်။

ကချင်ပြည်နယ်နေ့ဆိုသည်မှာ မြန်မာနိုင်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့လို့ ယင်းနေ့ကို ကချင်ပြည်နယ်နေ့ အဖြစ်သတ်မှတ်ကာ ပျော်ပွဲရွှင်ပွဲ၊ အထိမ်းအမှတ် ပွဲများကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆို ၇၂ နှစ်ဟူသော အချိန်ကာလ ရောက်ရှိ ခဲ့လေပြီ။ ယခင်စတင်ကျင်းပခဲ့ချိန်မှစပြီး နှစ်ပေါင်းများစွာ စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့သည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ယခုနှစ်မှာတော့ ဆူညံသံများနှင့် ပြီးဆုံးခဲ့လေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ဘယ်သူ့ကြောင့်နည်း။ တွေးကြည့်ရင် အားလုံးမှာ တာဝန်ရှိသည်ဟု ပြောရင် မှားမည် မဟုတ်ပေ။ အထူးသဖြင့် လက်ရှိ အစိုးရမင်းများတွင် တာဝန်ရှိသလို ကချင်မျိုးနွယ်စု ၆ခုလုံး၏ ရိုးရာ အဖွဲ့အစည်းများ၊ မျိုးနွယ်စုများ၊ ပြည်နယ်တွင်းနေထိုင်သူများ အားလုံးမှာ တာဝန်ရှိကြောင်း ဖော်ပြလိုပေသည်။

၇၁ နှစ်မြောက်နေ့ကလည်း ယခုကဲ့သို့ ပွဲတော် ကာလအတွင်း ဆူပူမှု အနည်းငယ်ဖြစ်ခဲ့သည်။ ယင်း နောက်ပိုင်း ပြည်နယ်အစိုးရမှလည်း အချိန်မီ ညှိနှိုင်းအဖြေရှာမှု နည်းလမ်းမရှိခဲ့ခြင်းကြောင့် ယခုလို ပိုမို အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

ဤနေရာတွင် ပြောလိုသည်မှာ အစိုးရတစ်ခုတည်းဖြင့် ယခုလိုကိစ္စမျိုးကို ဖြေရှင်း၍ မရပေ။ ကချင်ဟု ခေါ်ဝေါ်သည့် မျိုးနွယ် ၆ခုပါဝင်၍ ဆွေးနွေးအဖြေရှာရမည်ဖြစ်သည်။ အကယ်၍ အမည်နာမတစ်ခုကို လွယ်လွယ် သုံးစွဲကျင်းပရန် မလွယ်ကူပေ။

ယင်းအမည်နာမ၏ အဓိပ္ပာယ် ဖေါ်ဆောင်ချက်ကို လူထုသဘောထားခံယူပွဲ မကျင်းပနိုင်သည့်တိုင် မျိုးနွယ်စု အားလုံးလွှမ်းခြုံနိုင်သည့် ဦးရေဖြင့် သတ်မှတ်သင့်သည်။ ဒီနေရာတွင် ကချင်ပြည်နယ်အတွင်း နေထိုင်သူ ဦးရေ ၁၈ သိန်းကျော်ရှိရာ ယင်းအထဲ၌လည်း ကချင်မဟုတ်သော အခြားသော တိုင်းရင်းသား များလည်းရှိသေးသည်။ ကချင်ပြည်နယ်နေ့ ဖြစ်ဖေါ်လာခြင်း၏ သမိုင်းကို မပျောက်ကွယ်သွားရန် ထိန်းသိမ်းရသလို ဆက်လက်၍ ယင်းပြည်နယ်နေ့ကိုလည်း ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးကို လွမ်းခြုံနိုင်သည့် အခြေအနေ ဖြစ်နေရန် လိုအပ်သည်။

လူဟူသော သတ္တဝါများနေထိုင်နေသ၍ ပြသနာများ၊ အငြင်းပွားဖွယ်များသည် ရှိစမြဲဖြစ်သည်။ ယင်းမတူညီမှုများကိုလည်း ကြောက်ရွံ့စရာမလိုပေ။ ယင်းပြသနာများကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့သာ အရေးကြီးသည်။ ထို့ကြောင့် ယခုနှစ် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ဆူညံသံများသည် လာမည့် ၇၃ နှစ် ပြည့်နေ့၌ မကူးမြောက်စေရန် သက်ဆိုင်သူများ အနေဖြင့် အချိန်မီပြင်ဆင်၊ ညှိနှိုင်းအဖြေရှာသင့် ကြောင်း တိုက်တွန်း ဖေါ်ပြ လိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။