Trending Now

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များအားလုံး ယခုလကုန်အထိ တစ်နာရီခြားတစ်ခါ အချိန်ပိုင်းမီးပြတ်တောက်မည်

Spread the love

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များအားလုံး ယခုလကုန်အထိ တစ်နာရီခြားတစ်ခါ အချိန်ပိုင်းမီးပြတ်တောက်မည်

EPN

မြစ်ကြီးနား၊နိုဝင်ဘာ ၁၁

မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များအားလုံး ယနေ့မှစပြီး ယခုလ(၃၀)ရက်နေ့အထိ တစ်နာရီခြားတစ်ခါ အချိန်ပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ အချိန်ပိုင်းမီးပြတ်တောက်ရခြင်းမှာ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ဓာတ်အားပေးမှု မလုံလောက်သည့်အတွက် နိုင်ငံတော်ဓာတ်အားလိုင်းသုံးစွဲလျှက်ရှိသောဖီဒါများဖြစ်သည့် မြို့ပေါ်ရပ်ကွက်များအား နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး လကုန် ၃၀ ရက်နေ့အထိ နံနက် ၆ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၈ နာရီအတွင်း တစ်နာရီခြား မီးပြတ်တောက်မှာဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

“ဘာလို့မီးပြတ်တောက်ရတာလဲဆိုတော့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကနေ ကျွန်တော်တို့အတွက် ဓာတ်အားပေးမှုကမလုံလောက်ဘူး၊သူတို့ကဒီလောက်ပေးတယ်ဆိုရင် ပေးတဲ့အပေါ်မှာ ပြန်ဖြန့်ဖြူးပေးရတာဖြစ်တဲ့အတွက် အခုမြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေအားလုံးကို အချိန်ပြည့်ပေးဖို့က နိုင်ငံတော်ဓာတ်အားကမလုံလောက်ဘူး ဒါကြောင့်အလှည့်ကျ တစ်နာရီခြားပြီး မီးပေးဖို့အတွက် စီစဉ်ရတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဘူးဂါးလျှပ်စစ်ကုမ္ပဏီအနေဖြင့် ရေအားလျှပ်စစ် စက်ရုံများတွင် ဓာတ်အားလုံလောက်မှုမရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ခန့်မှစတင်ကာ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝယ်ယူပြီး မြစ်ကြီးနားတစ်မြို့လုံးဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့အတွက် မီးအသုံးပြုမှုမှာ မဂ္ဂါဝပ် ၃၀ ခန့်ရှိပြီး ဝိုင်းမော်အတွက် အမြင့်ဆုံး အသုံးပြုမှုဟာ ၅ မဂ္ဂါဝပ် ရှိသည့်အတွက် နိုဝင်ဘာလကုန်အထိ ဓါတ်အားမလုံလောက်မှုနှင့်ကြုံတွေ့မှာဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ သိရသည်။

မြို့ပေါ်ရပ်ကွက်များကို အချိန်ပိုင်းမီးပေးသည့်အချိန်တွင် မီးသုံးစွဲသည့်ပြည်သူများအနေဖြင့် မီးခလုပ်များ၊လျှပ်စစ်နှင့်သက်ဆိုင်သည့်ပစ္စည်းများ၊အပူလွန်ကဲပြီးလျှော့ဖြစ်စေနိုင်သည့်ပစ္စည်းများကို ဂရုတစိုက် လုပ်ဆောင်ထားဖို့လိုအပ်ကြောင်းလည်း သတိပေးပြောဆိုထားသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။