Trending Now

ကချင်ပြည်နယ်က Quarantine Center အဖြစ် အသုံးပြုနေသည့် ကျောင်းပေါင်း သုံးရာကျော်ကို ဇွန် ၁၅ရက် မတိုင်မှီ ရှင်းလင်းမည်

Spread the love

ကချင်ပြည်နယ်က Quarantine Center အဖြစ် အသုံးပြုနေသည့် ကျောင်းပေါင်း သုံးရာကျော်ကို ဇွန် ၁၅ရက် မတိုင်မှီ ရှင်းလင်းမည်

 

EPN
မြစ်ကြီးနား၊ မေ ၂၂

ကချင်ပြည်နယ်အတွင်းက Quarantine Center အဖြစ် အသုံးပြု နေသည့် ကျောင်းပေါင်း (၃၀၀)အား ပိုးသတ်ဆေးဖျန်းခြင်းနှင့် လိုအပ်သည့် ရှင်းလင်းရေးလုပ်ငန်းများကို လာမည့်ဇွန်လ (၁၅)ရက် မတိုင်မှီအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျန်းမာရေးဦးစီးဌာန အနေဖြင့် လက်ရှိတွင် ကချင်တစ်ပြည်နယ်လုံး၌ Quatantine Center အဖြစ် အသုံးပြုရန် ကျောင်းပေါင်း (၃၂၅) ကျောင်း လျာထားခဲ့ရာ ယင်းအနက် (၃၁၅) ကျောင်းကို Quarantine Center အဖြစ် အသုံးပြုလျက်ရှိနေကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးကျောင်းများကို ဇူလိုင်လ အတွင်း ပြန်ဖွင့်နိုင်ရန် လျာထားကြောင်း ထုတ်ပြန်ထားပြီး အကယ်၍ ကျောင်းများပြန်ဖွင့်နိုင်ပါက အသင့်ရှိနေရန် အတွက် ကျောင်း ရှင်းလင်းရေး လုပ်ငန်းများကို လာမည့် ဇွန်လ (၁၅)ရက် မတိုင်မှီ အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး(စီမံ) ဦးရဲအောင်က ဆိုသည်။

”ဒီကျောင်းတွေကို ကျန်းမာရေးဌာနကနေပြီးတော့မှ ဆေးဖျန်းတာနဲ့ တခြားရှင်းလင်းရေးတို့ကို ထွေအုပ်နဲ့ NGO အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး တော့မှ ဆောင်ရွက်ဖို့ရှိတယ်။ ဒါကိုသူတို့က ဇွန်လ လဆန်း ကနေ ပြီးတော့မှ ဆေးဖျန်းမယ်။ ဆေးဖျန်းစပြီးတော့မှ ဒီဇွန်လ(၁၅)ရက် မတိုင်ခင် ပညာရေးဌာနကို အပ်ဖို့ ညှိနိုင်းထားတယ်”ဟု ဦးရဲအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ Quarantine Center ၃၀၀ ကျော်၌ လူဦးရေ စုစုပေါင်း( ၃၉၀၁)ထားရှိ ပြီး ဇွန်(၁၅)ရက်နေ့တွင် အားလုံး Quatantine ဝင်ရမည့် ရက်စေ့ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာ နော်ရှဲလ်ထာက ဆိုသည်။

”သူတို့တွေကိုဘယ်မှ ရွေ့စရာမလိုပါဘူး။ အားလုံးက ဇွန် ၁၅ရက်ဆိုရင် Q ဝင်တဲ့ရက်စေ့ပြီ”ဟု ဒေါက်တာနော်ရှဲလ်ထာက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း Quarantine ထားရှိသူ ၆၆၀၀ ကျော် အထိရှိပြီး ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်ချက်ပို့ထားသူ ၇၁၆ဦး အနက် ၄၁ဦး၏ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။