Trending Now

COVID-19 ပိုးတွေ့လူနာအမှတ် ၂၄၉ နှင့် ထိတွေ့သူ ၁၀၀ ကျော် ကို Facility Quarantine ထားရှိ

Spread the love

COVID-19 ပိုးတွေ့လူနာအမှတ် ၂၄၉ နှင့် ထိတွေ့သူ ၁၀၀ ကျော် ကို Facility Quarantine ထားရှိ 

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ် ပြန်တော်ပြန်ကြိုဆိုရေးအဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတွင် ဇွန်လ ၁၁ ရက်နေ့က COVID-19 ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့ပြီး လက်ရှိတွင် ၎င်းနှင့် ထိတွေ့ခဲ့သည့် ဆက်စပ်သူ (၁၀၀)ကျော်ကို Facility Quarantine အဖြစ်စောင့်ကြည့် ထားကြောင်း ကချင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

လက်ရှိ ဗန်းမော်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသည့် လူနာအမှတ် ၂၄၉ နှင့် ထိတွေ့ ဆက်စပ်သူများကို လိုက်လံဖော်ထုတ် လျက်ရှိရာ ယနေ့နံနက်ပိုင်း အထိ လူပေါင်း (၁၅၀)ဦးကို ထုတ်နိုင်ခဲ့ပြီး Facility Quarantine အဖြစ် စောင့်ကြည့်ထားကြောင်း ကချင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒုတိယညွန်ကြားရေးမှူး ဦးတင့်နိုင် က ဆိုသည်။

“သူသွားခဲ့တဲ့ နေရာပေါင်းက ဆယ့်ခြောက်နေရာ လောက်ရှိတယ်၊ သူသွားလာခဲ့တဲ့ နေရာတွေက လူပေါင်း တစ်ရာ့ငါးဆယ်ကို လောလောဆယ် FQ ထားထားတယ်။ သူတို့ရဲ့နှာခေါင်းတို့ ဖတ်အာခေါင် တို့ဖတ် နာမူနာတွေ အကုန်ယူခိုင်းတယ်။ ခုလောလောဆယ် ခုနှစ်ဆယ့်တစ်ခုတော့ ရောက်ပြီ” ဟု ဦးတင့်နိုင်က ပြောသည်။

လူနာအမှတ် ၂၄၉သည် ဆေးရုံသို့ သင်တန်းတက်ရောက်ခြင်း၊ အထည်ဆိုင်တစ်ဆိုင်တွင် သွားရောက်ခြင်း၊ ကျောင်းဆရာတစ်ဦး၏ နေအိမ်တွင် လာရောက်တည်းခိုခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက် သည့် နေရာတွင် သွားရောက်ခြင်း၊ လွယ်ဂျယ်ဂိတ်တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း၊ ရွှေကူမြို့ တွင် သွားရောက်ခဲ့ဖူးခြင်း စသည့်နေရာများ အပါအဝင် စုစုပေါင်းနေရာ ဆယ့်ခြောက်နေရာသို့ သွားရောက်ခဲ့သည့်အတွက် ဆက်စပ်သူများကို ဆက်လက်ထုတ်ဖော်နေဆဲ ဖြစ်ကြောင်း သိရသည်။

“အကုန်လုံးကိုတော့ Swab ယူဖို့ တချို့တစ်ဝက် Swab ယူပြီးပြီ တချို့ကိုလည်းယူဖို့ ကြိုးစားနေပါတယ်။ ဒီနေ့လည်း လွယ်ဂျယ်မှာ ယူနေတယ်။ HQ တွေ ထားထားတယ်။ အခုမှ ဒီဆေးစစ်ချက် တွေ စပြီးယူနေတုန်း ရှိသေးတော့ မြစ်ကြီးနားနဲ့ ရန်ကုန်လေယာဉ်ကလည်း ပုံမှန်မရှိတော့ ဘယ်နေ့ အဖြေသိရမယ်ဆိုတာ မသိနိုင်သေးဘူး” လွယ်ဂျယ် မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ပြောပြသည်။

ကချင်ပြည်နယ်တွင် ပထမဦးဆုံး COVID-19 တွေ့ခဲ့သည့် လူနာအမှတ် ၁၄၄သည် ပြန်လည်သက်သာ ပျောက်ကင်းသွားပြီဖြစ်ပြီး ယခု ဒုတိယအကြိမ် ထပ်မံတွေ့ရှိခဲ့သည့် လူနာအမှတ် ၂၄၉ အား ဗန်းမော် ပြည်သူ့ဆေးရုံကြီးတွင် အနီးကပ်ကြီးကြပ်မှုဖြင့် စောင့်ကြည့် ကုသပေးနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။