Trending Now

မိုးကောင်းမြို့နယ်၊ ပင်းဘောမြို့၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်လာသည့်အတွက် ကျေးရွာဒေသများတွင် ခိုးဆိုးလုနှိုက်သမား ပိုမိုများပြားလာ

Spread the love

မိုးကောင်းမြို့နယ်၊ ပင်းဘောမြို့၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်လာသည့်အတွက် ကျေးရွာဒေသများတွင် ခိုးဆိုးလုနှိုက်သမား ပိုမိုများပြားလာ

EPN
ပင်းဘော၊ မတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောမြို့အတွင်း၌ ယခုနှစ်ပိုင်း အတွင်း လောင်ကစားဝိုင်း ဖွင့်လှစ်လာသည့်အတွက် ကျေးရွာ ဒေသများတွင် ခိုးဆိုးလုနှိုက်သမားများ ပိုမိုများပြားလာနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မိုးကောင်းမြို့နယ်၊ ပင်းဘောမြို့၊ အမှတ် (၄)ရက်ကွက် ပင်းဘောဘူတာရုံ အနီးတွင် နေ့ ညမပြတ် လောင်းကစားရုံ ဖွင့်လှစ်ထားသည့် အတွက် ကျေးရွာဒေသအတွင်းက လူငယ်များ ငွေကြေးအလွယ်ရသည့် ခိုးဆိုးလုနှိုက် လုပ်ငန်းများကို ယခင်ထက် ပိုမိုပြုလုပ်လာနေခြင်းကြောင့် ယင်းလောင်းကစားရုံအား သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက တားမြှစ်ပိတ်ပင်စေလိုကြောင်း ပင်းဘောကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“ပင်းဘော အမှတ် (၄) ရပ်ကွက် ဘူတာရုံအနီးမှာ လောင်းကစားရုံ ဖွင့်လှစ်ထားတာ သုံးလလောက်ရှိပြီ အရင်က အဲ့နေရာမှာ ဘိလပ်ယက်ခုံ ဖွင့်ထားတာဟုတ်တယ် အခုတော့ မိုးကာတွေနဲ့ ကာထားပြီး လောင်းကစားဝိုင်းတွေ ဖွင့်လိုက်တယ် ညစျေးပွဲတန်းလို စည်လို့နေတာ အဲ့လောင်းကစားဝိုင်း ဖွင့်လိုက်တော့ ရွာမှာ ဆိုင်ကယ်တွေ၊ နွားတွေ၊ ပျောက်တာတွေ ပိုများလာတယ် ပြီးတော့ စာသင်ကျောင်းတွေရယ် ကျေးလက် ကျန်းမာရေးဆေးခန်းတွေက မီးကြိုတွေပါ ပျောက်ကုန်တယ် သူခိုး အရမ်းများလာပြီး” ဟု ဒေသခံတစ်ဦးကရှင်းပြသည်။

ပြီးခဲ့သည့် နှစ်ပိုင်းက ပင်းဘောကျေးရွာတွင် လောင်ကစားဝိုင်း မရှိခဲ့သောလည်း ၂၀၂၃ ခုနှစ် နှစ်စပြီးပိုင်းက စတင်၍ ဒေသတာဝန်ရှိ အဖွဲ့အစည်းများကို လိုင်းကြေးပေးဆောင်ကာ လောင်းကစားဝိုင်းအား ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းလောင်းကစားဝိုင်း ဖွင့်လှစ်လိုက်သည့် အတွက် ကျေးရွာအတွင်းက လူငယ်များ တောင်ယာလုပ်ငန်းတွင် အားစိုက်လုပ်ကိုင်မှု နည်းပါးလာကာ မူးယစ်ဆေးဝါး သုံးစွဲခြင်း ခိုးဆိုးလုနှိုက် ကဏ္ဍတို့တွင် ပါဝင်ပတ်သက်မှုများ လာနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လောင်းကစားဝိုင်းကို အမှတ်(၄) ရပ်ကွက်၊ ပင်းဘောဘူတာရုံအနီးတွင် ဖွင့်လှစ်ထားပြီး လောင်းကစားဝိုင်းတွင် ‌ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးဖဲနှင့် ဂျင်ဝိုင်းအမျိုးအစားလောင်းကစားတို့ကို မနက်အချိန်ပိုင်းက စ၍ ည ၁၁ နာရီအထိ ပေါ်ပေါ်တင်တင်ဖွင့်လှစ်နေခြင်းကြောင့် လောင်းကစားဝိုင်းရှိနေခြင်း၏ နောက်ဆက်တွဲအနေဖြင့် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများပါ ဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

ယင်းလောင်းကစားဝိုင်းရုံအား သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ အမြန်ဆုံး ပိတ်ပင်တားမြှစ်ပေးစေလိုကြောင်း နှင့် ရေရှည်သာ ယင်း လောင်းကစားဝိုင်းအား ဆက်လက်ဖွင့်ထားခွင့် ပေးထားမည်ဆိုပါက ကျေးရွာအတွင်း ယခင်ထက်ပိုပြီး ခိုးဆိုးလုနှိုက် ပြသနာများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

မြတ်မင်း
Photo Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။