Trending Now

ဇနီးသည်အား ခေါက်စတီးဓါးဖြင့် ထိုးသတ်ခဲ့သူကို ဥပဒေအရ အရေးယူ

Spread the love

ဇနီးသည်အား ခေါက်စတီးဓါးဖြင့် ထိုးသတ်ခဲ့သူကို ဥပဒေအရ အရေးယူ

EPN
ဖားကန့်၊ မေ ၃၁

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ဇနီးသည်ဖြစ်သူအား ခေါက်စတီးဓါးဖြင့် ထိုးသတ်ခဲ့သူကို လုံးခင်းနယ်မြေရဲစခန်းက ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုမှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ၌ ယနေ့ မေ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အကျဉ်းမှာ ဦးအောင်ဇော်ထိုက်ဆိုသူသည် ၎င်း၏ ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ကြပြီး စိတ်မထိန်းနိုင်သဖြင့် ခေါက်စတီးဓါးဖြင့် ထိုးရာ ၎င်း၏ ဇနီးသည် ဒေါ်အေးအေးခိုင်ဆိုသူမှာ ရင်အုံ ထိုးသွင်းဒဏ်ရာ (နောက်ကျောအထိပေါက်) ၁ ချက်၊ ဝဲမေးရိုးလည်ပင်းထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဦးခေါင်း ဂျိုဇောင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

အခင်းဖြစ်ပွားရာသို့ စခန်းမှူး ဒုရဲမှူး ဟန်မွှေး၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဝေဠုအောင်၊ မှော်ပုံကျေးရွာတာဝန်ခံ ဦးနော်ဘောက်၊ ငြိမ်းချမ်းသာယာကျေးရွာ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများ သွားရောက်ခဲ့ကြပြီး ရဲဆေးစာဖြင့် သေဆုံးသူ ဒေါ်အေးအေးခိုင်၊ ၂၅ နှစ် ၏ ရုပ်အလောင်းအား မေတ္တာရှေ့ဆောင် လူမှုကူညီရေးအသင်းကားဖြင့် လုံးခင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

လက်ရှိတွင် ဦးအောင်ဇော်ထိုက်၊ (၂၅)နှစ်၊ (ဘ) ဦးသန်းဝင်း၊ (ဇီးဖြူခင်းကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး) လက်ရှိမှော်ပုံကျေးရွာ နေထိုင်သူအား တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် လုံးခင်းနယ်မြေရဲစခန်းက (ပ) ၇၆/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

အာဆီယံ(ဖားကန့်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။