Trending Now

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့်ပြည်နယ်၊ ဒေသများရရှိရန် ဥပဒေပြင်ပမှတောင်းဆိုလာခြင်းများရှိဟု တပ်ချုပ်ပြော

Spread the love

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့်ပြည်နယ်၊ ဒေသများရရှိရန် ဥပဒေပြင်ပမှတောင်းဆိုလာခြင်းများရှိဟု တပ်ချုပ်ပြော

EPN
နေပြည်တော်၊ ဇန်နဝါရီ-၂၇ (၂၀၂၄)

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့်ပြည်နယ်၊ ဒေသများရရှိရန် ဥပဒေပြင်ပမှတောင်းဆိုလာခြင်းများရှိ၍ လက်ရှိအချိန်တွင် နိုင်ငံရေးပြဿနာများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တ ရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” အခုဖြစ်ပွားနေတဲ့ ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ကိုယ်ပိုင်ပြည်နယ်၊ ဒေသတွေရရှိအောင် ဥပဒေပြင်ပကနေ တောင်းဆိုလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ ရေးနဲ့ပတ်သက်ပြီး ဥပဒေ၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်ချက်တွေများစွာ ရှိနေသေးပါတယ် ” ဟု တပ်ချုပ်ကပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရဆွေးနွေးပြီး လွှတ်တော်တွင် အတည်ပြုရမည်ဖြစ်ကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေးရရှိရန် ကျင်းပမည့် ရွေးကောက်ပွဲအား PR စနစ်ဖြင့် ပြုလုပ်နိုင်ရန် ဆွေးနွေးလျက်ရှိကာ တိုင်းနှင့်ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားသည်ဟု ပြောသည်။

” မိမိတို့အနေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေဖို့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်နေပါတယ် ” ဟု တပ်ချုပ်ကပြောသည်။

၎င်းအပြင် နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာ၌ ပြည်သူများအားလုံး အခြေအနေမှန်များကိုသိရှိနိုင်အောင် ဆောင်ရွက်ရမည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာ ကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။