Trending Now

တနိုင်းမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ အင်္ကျီအတွင်း သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

တနိုင်းမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ အင်္ကျီအတွင်း သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့အဝင် (၅) မိုင် လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်တွင် အမျိုးသမီးနှစ်ဦးထံမှ အင်္ကျီအတွင်း သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း တနိုင်းမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက်နေ့တွင် ဟိုပင်မြို့မှ တနိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်းမြင့်ထွေး မောင်းနှင်သည့် (ADVAN) ကားတွင် ခရီးသည်အမျိုးသမီးနှစ်ဦးအတူ လိုက်ပါခဲ့ပြီး တနိုင်းမြို့အဝင် ၅ မိုင် တပ်စခန်းရှေ့အရောက်တွင် တာဝန်ရှိသူများမှ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး၏ ကိုယ်ပေါ်မှ ကြွတ်ကြွတ်အိတ် အဖြူရောင်အတွင်းရှိ အဝတ်စားများနှင့်အတူ ထည့်လာသည့်မူးယစ်ဆေးဝါးများဟု ယူဆရသောဘိန်းဖြူ (၁၉) ခွက်၊ စိတ်ကြွဆေးပြား (၂၅၀၀၀) ပြားတို့အား ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့်အတွက် ဥပဒေအတိုင်းဆောင်ရွက်ပေးရန် တနိုင်းမြို့ရဲတပ်ဖွဲ့ ထံသို့ ဆက်သွယ်အကြောင်းကြားကာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ၊ ဖုန်း(၃)လုံး၊ ငွေစက္ကူအချို့၊ ပါဝါဘန့် (၁) လုံးနှင့် အဖြူရောင် (ADVAN) ကား (၁) စီးတို့အား သက်‌သေဆယ်အိမ်မှူးများ၏ရှေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အမျိုးသမီးနှစ်ဦးအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းမူးယစ်ဆေးဝါးများကို လက်ခံရရှိမည့်သူ ရှိကြောင်း သိရပြီး၊ တာဝန်ရှိသူများမှ ပုန်ခုန်းကွက်သစ်၊ လမ်းသွယ် (၁) ထိပ်တွင်နေထိုင်သည့် ဒေါ်လွမ်းဝေ ကွင်းဆက်ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ခဲ့ရာ ၎င်းထံမှ ဖုန်း (၂) လုံး၊ အနက်ရောင် ဘေးလွယ်အိတ် (၁) လုံးအား ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပက်သက်ပြီး ဒေါ်တင်တင်ဌေး (၄၉) နှစ်၊ ဒေါ်အေးဝယ် (၃၈) နှစ်၊ ဦးမြင့်ထွေး (၃၂) နှစ်နှင့် ကွင်းဆက်ပြစ်မှု ကျူးလွန်သူ ဒေါ်လှိုင်းဝေ (ခ) လွမ်းဝေ (ခ) မြမြမိုး (၄၂) နှစ်တို့အား တနိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ (ပ) ၈/၂၀၂၃ နှင့် ၁၉ (က)/၂၀ (က)/၂၁ တို့ဖြင့် အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

သံလွင်
Photo – Crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။