Trending Now

အင်းတော်ကြီးကန် ရေခန်းခြောက်မှုကြောင့် ရွှေမဉ္ဇူရေလယ်ဘုရား အနီးတွင် (နတ်လမ်းခေါ်) သဲသောင်တန်းကြီး ပေါ်ထွန်းနေ

Spread the love

အင်းတော်ကြီးကန် ရေခန်းခြောက်မှုကြောင့် ရွှေမဉ္ဇူရေလယ်ဘုရား အနီးတွင် (နတ်လမ်းခေါ်) သဲသောင်တန်းကြီး ပေါ်ထွန်းနေ

EPN
အင်းတော်ကြီး မေ ၂၃

အင်းတော်ကြီးကန် ရေခန်းခြောက်မှုကြောင့် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်ဘုရား အနီးတွင် (နတ်လမ်းခေါ်) သဲသောင်တန်းကြီး ပေါ်ထွန်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်သည် အရှေ့တောင် အာရှတွင် တတိယအကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၆မိုင် အနံ ၇မိုင် ရေပြင်ဧရိယာ စတုရန်းမိုင် ၁၀၀ ရှိသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေချိုကန်ကြီး ဖြစ်သည်။

အင်းတော်ကြီးကန်ရေသည် ၂၀၂၀ ခုနှစ်တွင် မိုးခေါင်မှုနှင့် ချောင်းဝရေအထွက် စီးဆင်းမှုများသောကြောင့် အင်းတော်ကြီးဒေသရှိ ရွှေမဉ္ဇူရေလယ်ဘုရားအထိ နတ်လမ်းခေါ် သောင်ပြင်သည် ဧပြီလမှစ၍ ယခု မေလ အထိ မြင်တွေ့နေရသည်ဟု ဂေါပကထံမှ သိရသည်။

“ကျနော် အသက် ၁၀နှစ်အရွယ် ဘုရားပွဲသွားတာ အခုလို ကွန်ကရစ်လမ်းမဟုတ်ဘူး စက်လှေတွေ မပေါ်သေးဘူး လက်လှော်လှေနဲ့ ဘုရားဖူးသွားရင် ၁၅ ပြားပေးရတယ် ခြေလျင်ဆိုလျှင် ရေထဲက သွားရတယ် အခုလို လျှောက်လမ်းလုပ်လိုက်တော့ ရေလိူင်းရိုက်ခတ်ပြီး အမှိုက်တွေဒိုက်တွေက ကမ်းပေါ်ကို ရိုက်မတင်နိုင်တော့ဘူးလေ အဲဒါကြောင့်ဒီနေရာဟာ တိမ်ကောလာခဲ့တယ် မိုးနည်းလို့ ရာသီဥတုဖောက်ရင်တော့ ပေါ်တတ်ပါတယ်လို့ အသက် ၇၀ ကျော်အရွယ်ရှိ ဒေသခံ ဦးသန်းစိန်က ပြောသြည်။

ဆယ်စုနှစ်တွင် တစ်ကြိမ်တစ်ခါ မြင်တွေ့ရန်ပင်ခက်ခဲသည့် ဒေသ အခေါ် နတ်လမ်းသည် ရွှေမဉ္ဇူရေလယ်ဘုရား နှင့် ဒေါ်ပုလဲဓမ္မာရုံကြားတွင် သဲသောင်ထွန်း၍ ပေါ်ထွက်နေသော အရှည် ၁၀၀၀ ပေ အကျယ် ၅၀ပေ ခန့်အထိ ပေါ်ထွက်နေသည်။

ဒေသခံ တစ်ဦးဖြစ်သည့် ဦးစိုင်းမောင်မောင်ကလဲ “ကျနော်တို့ ငယ်ငယ်တုန်းက ရေလယ်ဘုရားနဲ့ ဒေါ်ပုလဲဓမ္မာရုံနားက ရေပြင်မှာ ငရဲအိုးလို့ခေါ်တဲ့ ဒယ်အိုးအိုက်ကြီးရှိပါတယ် အခုကတော့ ၎င်းအိုက်ကြီးကလည်း တိမ်းကောနေပါပြီ ဒါကို တာဝန်ရှိလူကြီးမင်းများ အနေနဲ့ ထိန်းသိမ်းပေးစေချင်ပါတယ်” ဟု ဆိုသည်။

အင်းတော်ကြီးကန်ကြီး မတိမ်ကောအောင် ယခုလက်ရှိ လူလမ်းအား (၁၀) ပေခန့်ရှိသည့် သံကွန်ကရစ်အခေါင်းများဖြင့် သုံးလေးနေရာခန့် ဖောက်ထုတ်ပြီး ရေလမ်းကြောင်းများပြုလုပ်ထားလျှင် အဆင်ပြေနိုင်ကြောင်းနှင့် ယခုတွင်မူ ရေလမ်းကြောင်းမရှိသည့်အတွက် ရေလယ်ဘုရားသို့ ကားများဖြင့် အရောက်သွားနိုင်သည်အထိ တဖြည်းဖြည်း တိမ်ကောသွားနိုင်သည်ဟု အင်းတော်ကြီးဒေသတောအုပ် ဦးစိုးမြင့်က သုံးသပ်ပြောဆိုသည်။

“ရှမ်းပြည်နယ်မှာရှိတဲ့ အင်းလေးကန်ကြီးလို မတိမ်ကောအောင် ကျနော်တို့အဖွဲ့မှလဲ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဒေသခံများကိုအသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်၊ ယခုလက်ရှိ COVID-19 ကပ်ရောဂါကြောင့် ဟောပြောပွဲများ ခေတ္တရပ်နားထားတာ ဖြစ်ပါတယ်၊ လူသွားလမ်းနေရာများကို ဖောက်ထုတ်ရန်အတွက် တာဝန်ရှိသူများ ဆရာတော်များကိုလည်း တင်ပြလျှောက်ထားပါတယ်” ဟု ၄င်းက ဆိုသည်။

COVID-19 ကပ်ရောဂါကြောင့် ရွှေမဉ္ဇူရေလည်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှဘုရားဖူးဧည်သည်များ ဧပြီလမှစ၍မေလ ကုန်အထိ ခေတ္တယာယီ ပိတ်ထားသည်ဟု သိရသည်။

အဆိုပါ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်ရွှေမဉ္ဇူစေတီတော် ရေလယ်ဘုရားကြီးကို သာသနာတော်နှစ် (၂၄၁၂ခုနှစ်) (သက္ကရာဇ်) ၁၂၃၀ပြည့်နှစ် တပေါင်းလဆန်း (၁၁)ရက် (20-2-1869) စနေနေ့နံနက် (၁၀း၃၀) နာရီ အချိန်တွင် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရာကြီး လက်ထက်၌ ဦးသာအေး (ခေါ်) အရှင် “တောဘိတ” ဦးစီးနာယက ဆောင်ရွက် တည်တော်မူခဲ့သည်ဟု သမိုင်းမှတ်တမ်းအရ သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။