Trending Now

တနိုင်းရွှေမှော်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ တိမ်းရှောင်နေရ

Spread the love

တနိုင်းရွှေမှော်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ တိမ်းရှောင်နေရ

EPN
မြစ်ကြီးနား၊ မတ် ၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဂေါန် ရွှေမှော်တွင် မတ်လ ၁၈ ရက်၊ နံနက်ပိုင်းအချိန်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မတ်လ ၁၈ ရက်၊ နံနက် ၅ နာရီအချိန်ခန့်တွင် တနိုင်းမြို့နယ်ရှိ နမ်ဂေါန်ရွှေမှော် တပ်မတော်အခြေချ စခန်းအား KIA အဖွဲ့မှ စတင်တိုက်ခိုက်ခဲ့မှုကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကျေးရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

” ဒီမနက် ၅ နာရီလောက်မှာ ပစ်ကြတာဟုတ်တယ်၊ နမ်ဂေါန်ရွှေမှော်မှာ တပ်ချထားတဲ့ တပ်မတော်စခန်းကို KIA ဘက်က အရင်လာတိုက်တာ။ နှစ်ဘက်စလုံး ပစ်ကြတော့ ရွာခံတွေက ကြောက်ကြတာပေါ့။ တစ်ချို့က တနိုင်းဘက်ကို ထွက်ပြေးကုန်ပြီ။ တစ်ချို့ကတော့ အခြေအနေ စောင့်ကြည့်နေတုန်းပဲ။ ပိုဆိုးလာရင် အကုန်ရွှေ့ပြောင်းကြဖို့ အဆင်သင့်ပဲ ” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ်ဂေါန်ရွှေမှော်ကျေးရွာမှ ပြည်သူများ မိမိသက်ဆိုင်ရာလုပ်ငန်းများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်ကိုင်နိုင်ခြင်းမရှိပဲ စိုးရိမ်ကြောက်ရွံ့နေရပြီး ရွာခံအချို့မှာ တနိုင်းမြို့ဘက်သို့ ရွှေ့ပြောင်းလာခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ဖြစ်ပွားသည့် နမ်ဂေါန်ရွှေမှော်မှာ တနိုင်းမြို့မှ တစ်နာရီခရီးအကြာသွားရသည့် ကျေးရွာတစ်ခုဖြစ်ကာ ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းအတွက် အဓိကအားဖြင့် ရွှေတူး ဖော်ခြင်းနှင့် တောင်ယာစိုက်ခင်းများကို လုပ်ကိုင်ကြသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။