Trending Now

မြစ်ကြီးနားမှ မန္တလေးသို့ လူနာပို့ဆောင်ရာတွင် ထီးချိုင့်လမ်းပိုင်းကို ပိတ်ထားသည့်အတွက် လူနာများအခက်တွေ့

Spread the love

မြစ်ကြီးနားမှ မန္တလေးသို့ လူနာပို့ဆောင်ရာတွင် ထီးချိုင့်လမ်းပိုင်းကို ပိတ်ထားသည့်အတွက် လူနာများအခက်တွေ့

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ ရက် (၂၀၂၄)

မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ အရေးပေါ်လူနာများကို ပို့ဆောင်ရာတွင် ယခင်လမ်းဖြစ်သည့် ထီးချိုင့်လမ်းကို ပိတ်ထားသောကြောင့် လူနာများအတွက် အခက်အခဲ ဖြစ်နေကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

အရေးပေါ်လူနာများ ပို့ဆောင်ရာတွင် ယခင်က ထီးချိုင့်လမ်းကို အသုံးပြုကာ နေ့ချင်းသွားရသည့် ခရီးဖြင့် ပို့ဆောင်နေခဲ့သော်လည်း လမ်းခရီးအတွင်း တိုက်ပွဲများကြောင့် ယင်းလမ်းပိုင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ကာ ပိတ်ထားခဲ့ခြင်းကြောင့် ခရီးကွာဝေးသည့် ရွှေဘို – ကျောက်မြောင်းဘက်မှ သွားလာနေရသည့်အတွက် လူနာများ အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း လူမှူကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အရင်က ထီးချိုင့်လမ်းက မြစ်ကြီးနားကနေ မနက်ထွက် ညနေလောက်ဆို မန္တလေးကို ရောက်တယ်။ ပြီးခဲ့တဲ့ ၈ လပိုင်းလောက်ထဲက တိုက်ပွဲတွေဖြစ်လို့ဆိုပြီး အဲ့ဒီလမ်းကို ပိတ်ထားခဲ့တာ။ အခုကကြတော့ ခရီးဝေးတဲ့ မဲဇာ – ရွှေဘို – ကျောက်မဲ – လက်ပံလှ ဘက်ကနေ ကွေ့ပြီးသွားနေရတယ်။ ဒီတော့လမ်းခရီးက တစ်ညအိပ်လောက် ဖြစ်သွားတာ။ လမ်းမှာတော့ ရွာတွေမှာ ဝင်အိပ်ရတယ်။ အရေးပေါ်လူနာတွေ အတွက်က အချိန်ကွာသွားရင် ကွာသွားသလို အခက်တွေ့တယ် ” ဟု ၎င်းကပြောသည်။

ယခင်က မြစ်ကြီးနားမှ မန္တလေးသို့ အရေးပေါ်လူနာ ပို့ဆောင်ရာတွင် နေ့ချင်းသွားလာနိုင်ခဲ့သော်လည်း လက်ရှိတွင် တစ်ညအိပ်ကြာ သွားလာနေရခြင်းဖြစ်ကြောင်း သိရသည်။

” အရေးပေါ်လူနာ ပို့ရာမှာလဲ အချိန်တွေကြာသွားတယ်။ ကားသမားတွေနဲ့လည်းလမ်းခရီးဝေးတော့ စျေးနှုန်းတွေလည်းများလာတယ်။ ကုန်စည်တွေလဲ စျေးတက်လာတယ်။ အရင်လို ပုံမှန်လမ်းဆိုရင် ခရီးလမ်းလဲ မကြာဘူး။ အစစအရာရာ အဆင်ပြေမှာဟုတ်တယ်။ ဒီတော့ လမ်းခရီးတွေကို ပြန်သွားလာခွင့်ပေးစေချင်တယ် ” ဟု မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ယခင် မြစ်ကြီးနားမှ မန္တလေးသို့သွားလာရသည့် ထီးချိုင့်လမ်းကို ပိတ်ထားသည်မှာ လေးလကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖားကန့် – မြစ်ကြီးနားသွား ကားလမ်းပိုင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။