Trending Now

လောင်ကိုင်တွင် အလုပ်လုပ်ရန် ပွဲစားနောက်ပါသွားသည့် ၁၅ နှစ်အရွယ် မိန်းကလေး မန္တလေးတွင် ရောက်နေသည့်ဟု ယူဆရ

Spread the love

လောင်ကိုင်တွင် အလုပ်လုပ်ရန် ပွဲစားနောက်ပါသွားသည့် ၁၅ နှစ်အရွယ် မိန်းကလေး မန္တလေးတွင် ရောက်နေသည့်ဟု ယူဆရ

EPN
ဝိုင်းမော်၊ ဩဂုတ် ၂၉

ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ နောင်ပကပ်ရပ်ကွက်တွင် နေထိုင်သည့် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် ၎င်းမိဘများ မသိမပေးဘဲ ရှမ်းပြည်နယ်၊ လောက်ကိုင်တွင် အလုပ်လုပ်ရန် ဩဂုတ်လ ၂၆ ရက်နေ့က ပွဲစားနောက်လိုက်သွားပြီး ယမန်နေ့က မန္တလေးဘက်သို့ ရောက်နေကြောင်း ယူဆရသည်ဟု ခတ်ချိုကျေးရွာနေသူ တစ်ဦးထံက သိရသည်။

အဆိုပါ မိန်းကလေးသည် ရှစ်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် မိဘများနှင့် ဆွေမျိုးများက စိုးရိမ်၍ လိုက်လံ စုံစမ်းရာ ရှမ်းပြည်နယ် လောက်ကိုင်ဘက်သို့ အလုပ်လုပ်ရန် ပွဲစားနောက် လိုက်သွားခြင်းဖြစ်ကြောင်း သိရသည်ဟု ခတ်ချိုရွာခံ တစ်ဦးက ပြောပြသည်။

“ဩဂုတ်လ ၂၆ ရက်နေ့မှာ အိမ်မပြန်လာလို့ သူ့မိဘတွေက ပူပန်ပြီးရှာနေတာ မတွေ့ဘူး၊မှတ်ပုံတွေ ဘာတွေလဲ မယူသွားဘူးလေ၊ ဒါနဲ့ ကျေးရွာ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေကို ပြောပြတယ်၊ သူတို့က ရဲစခန်းတော့ အကြောင်းကြားလိုက်တယ်၊ ပြီးတော့ဆက်စုံစမ်းနေတာပေါ့၊ မနေ့က အဲဒီကောင်မလေးက ဆက်သွယ်လာတယ်၊ လောင်ကိုင်ဘက် အလုပ်လုပ်ဖို့ အမျိုးသမီးတစ်ဦးနောက်ပေါ့ ပွဲစားပေါ့ အဲ သူ့နောက် လိုက်သွားတယ်ပေါ့၊ မှတ်ပုံတင်တွေ၊ ထောက်ခံစာတွေ ပို့ပေးဖို့ဆိုပြီး ဆက်လာတယ်၊ ပြန်လာဆိုတော့ ပြန်လာလို့ မရဘူး ပြောတယ်၊ အဲ့ဒီနောက် ပြန်မဆက်လာတော့ဘူး၊ သူပြောပုံအရ မန်းလေး ဘက်ရောက်နေတယ် ထင်တယ်၊ သေချာတော့ မသိရဘူး” ၎င်းက ပြောသည်။

အဆိုပါ မိန်းကလေးနှင့်အတူ လောင်ကိုင်တွင် အလုပ်လုပ်ရန် ယင်းပွဲစားနောက် ပါသွားသူ မြစ်ကြီးနားဘက်က မိန်းကလေး ၂ ‌ဦး ၃ဦးခန့်လည်း ပါနိုင်ကြောင်း ၎င်းက ယခုကဲ့သို့ ဆိုသည်။

“ပွဲစားက ဘယ်ကလဲ ဘယ်သူလဲ ဆိုတာလဲ မသိဘူး၊ ဖုန်းနဲ့ ချိတ်ကြပြီး တစ်လ ‌သိန်းလေးဆယ်လောက် ရမယ်ဆိုပြီး ခေါ်သွားလို့ လိုက်သွားတာလို့ သိရတယ်၊ အဲဒီကောင်မလေး ပြောပုံအရဆို သူနဲ့အတူ မြစ်ကြီးနားက မိန်းကလေး ၂ယောက် ၃ ယောက်လောက်လည်း ပါမယ်ထင်တယ်၊
အခုတော့ ပြန်မဆက်သွယ်လာသေးဘူး၊ မိဘတွေလဲ စိတ်ပူနေကြတယ်။” ဟု ၎င်းက ထည့်သွင်း ပြောဆိုသည်။

အဆိုပါ ၁၅ နှစ်အရွယ် မိန်းကလေးသည် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ၊ နောင်ပကပ်ရပ်ကွက်နေ ဦးကျော်သင်း(ခ) ဦးလောဆီ ဒေါရိုးပန့်တို့၏ သမီး ရှစ်တန်းကျောင်းသူ မစန်းစန်းဝင်း ဆိုသူ ဖြစ်ကြောင်းနှင့် ၎င်းသည် နေအိမ်မှ အဝတ်တစ်ထည် ကိုယ်တစ်ခု ဖုန်းတစ်လုံးနှင့်အတူ ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုနှစ်စပိုင်းမှစ၍ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ဟိုပင်၊ ဖားကန့် စသည့် Facebook Group များတွင် လောက်ကိုင်၊ မူဆယ် စသည့်နေရာများတွင် အလုပ်လုပ်ကိုင်ရန် လူငယ်များအား အထူးသဖြင့် မိန်းကလေးများအား လုပ်ခလစာ ငွေကြေးအမြောက်အများဖြင့် မက်လုံးပေး၍ ခေါ်ယူနေသည် Posts များစွာကို ခပ်စိပ်စိပ် တွေ့နေရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။